နှင်းထုထဲ၌ ခြောက်ရက်ကြာ နစ်မြုပ်နေခဲ့သည့် အိန္ဒိယစစ်သားကို အသက်ရှင်လျက် ကယ်ဆယ်နိုင်

နှင်းထုထဲ၌ ခြောက်ရက်ကြာ နစ်မြုပ်နေခဲ့သည့် အိန္ဒိယစစ်သားကို အသက်ရှင်လျက် ကယ်ဆယ်နိုင်
Published 9 February 2016

အိန္ဒိယနိုင်ငံတွင် နှင်းပြိုကျမှု ဖြစ်ပွားပြီးနောက် နှင်းထုထဲ၌ သီတင်းတစ်ပတ်နီးပါးကြာ နစ်မြုပ်နေခဲ့သည့် စစ်သားတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။ ၎င်းကို ဒေလီသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး လက်ရှိအခြေအနေမှာ အတိမ်းအစောင်း မခံသော်လည်း တည်ငြိမ်နေကြောင်း စစ်ဘက်က ထုတ်ပြန်ခဲ့သည်။
ဆီယာချန် ရေခဲမြစ်တွင် ရှိသော အိန္ဒိယစစ်စခန်း တစ်ခုပေါ်သို့ အလွန်ကြီးမားသည့် ရေခဲထုကြီး ပြိုကျခဲ့ပြီးနောက် ဟာနာမန်သာပါကော့ပတ် အမည်ရ ထိုစစ်သားသည် ရေခဲများအောက်တွင် ခြောက်ရက်ကြာ ပိတ်မိနေခဲ့ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက် စစ်သားကိုးဦးမှာမူ သေဆုံးခဲ့သည်။ ၎င်းတို့၏ တပ်စခန်းသည် ပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေသော ဟိမဝန္တာဒေသရှိ ကက်ရှ်မီးယားတွင် တည်ရှိခြင်းဖြစ်သည်။
ကော့ပတ်ကို ဖေဖော်ဝါရီ ၈ ရက် နှောင်းပိုင်းတွင် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၁၉၆၀၀ တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရပြီး ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် မြောက်ပိုင်းတပ်ခွဲ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒီအက်စ်ဟူဒါက ပြောကြားခဲ့သည်။
ယခုကယ်တင်နိုင်ခဲ့သော စစ်သားသည် နှင်းထု၏အောက် ၂၅ ပေ နက်သော နေရာတွင် နစ်မြုပ်နေခဲ့ခြင်းဖြစ်ပြီး အပူချိန်သည် အနုတ် ၄၉ ဒီဂရီဆဲစီးယပ် ရှိခဲ့ကာ ထိုစစ်သားသည် လေအိတ်တစ်ခု၏ အကူအညီဖြင့် အသက်ရှင်နေနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ၁၉၈၄ ခုနှစ်မှစ၍ အဆိုပါ ရေခဲမြစ်တွင် သေဆုံးခဲ့သော စစ်သား ၈၀၀၀ ဝန်းကျင်ရှိပြီ ဖြစ်ပြီး အများစုသည် နှင်းပြိုကျမှု၊ မြေပြိုမှု၊ နှင်းကိုက်ခြင်းတို့ကြောင့် သေဆုံးခြင်းဖြစ်သည်။                  
Ref : AFP
 

Most Read

Most Recent