မက်ဆီဒိုးနီးယားက တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို တားမြစ်ရန် စည်းရိုးအသစ် ထပ်မံကာရံ

မက်ဆီဒိုးနီးယားက တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို တားမြစ်ရန် စည်းရိုးအသစ် ထပ်မံကာရံ
Published 9 February 2016

မက်ဆီဒိုးနီးယားသည် ရွှေ့ပြောင်းအခြေချသူများ ၎င်းနိုင်ငံထဲသို့ ဝင်ရောက်ရာတွင် ပိုမိုခက်ခဲသွားစေရန်အတွက် ဂရိနှင့် ထိစပ်နေသော ၎င်း၏နယ်စပ်တွင် ရှိပြီးသော စည်းရိုး၏ နံဘေး၌ နောက်ထပ် သံဆူးကြိုး စည်းရိုးအသစ်များကို စတင်ကာရံနေသည်ဟု အစိုးရအရာရှိများက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
မက်ဆီဒိုးနီးယားသည် ပြီးခဲ့သည့် နိုဝင်ဘာကတည်းက ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ်တို့မှ ဒုက္ခသည်များကိုသာ နယ်စပ်ကို ဖြတ်ခွင့်ပေးခဲ့သည်။ သို့သော်လည်း အခြားနိုင်ငံများမှ ဒုက္ခသည်များက မက်ဆီဒိုးနီးယားနယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်။
"အခုလို သံဆူးကြိုးအသစ် ကာရံလိုက်ရတဲ့ ရည်ရွယ်ချက်က တရားမဝင် ဝင်ရောက်မယ့် ဒုက္ခသည်တွေကို စည်းရိုးနှစ်ထပ် ကာထားတဲ့အတွက် လက်လျှော့လိုက်ဖို့ အသိပေးချင်တာပါ" ဟု အမည်မဖော်လိုသော အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယခု အသစ်ကာရံလိုက်သည့် စည်းရိုးသည် နိုဝင်ဘာလက ကာရံခဲ့သော စည်းရိုး၏ ၅ မီတာ (၁၆ ပေ) အကွာတွင် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် အသစ်ကာရံနေသည့် စည်းရိုး၏ အရှည်ကို မသိရသေးပေ။
ယခုနှစ်စမှစ၍ မက်ဆီးဒိုးနီးယားကို ဖြတ်ကျော်ဝင်ရောက် ခဲ့သည်ဟု စာရင်းသွင်းခဲ့သည့် ဒုက္ခသည်ပေါင်း ၆၈၀၀၀ ကျော်ရှိခဲ့သည်။ ရဲများ၏ ပြောကြားချက်အရ ဇန်နဝါရီ တစ်လတည်းမှာပင် တရားမဝင် ဝင်ရောက်လာသူ ၄၀၀၀ ခန့်ကို တားဆီးခဲ့ရသည်ဟု သိရသည်။ ဥရောပသမဂ္ဂ ကော်မရှင်ကလည်း ဂရိ-မက်ဆီဒိုးနီးယား နယ်စပ်တွင် လုံခြုံရေးများ ထပ်မံတိုးမြှင့်ရန် ပြီးခဲ့သည့်လက ကတိပြုခဲ့သည်။ လက်ရှိတွင် ဒုက္ခသည် အစုအပြုံလိုက် ဝင်ရောက်မှုကို ထိန်းချုပ်ရန်အတွက် ထိုနယ်စပ်တွင် အခြားနိုင်ငံများမှ တပ်ဖွဲ့ဝင် ၆၀ ကျော်ကို ချထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ကာလများအတွင်းက မက်ဆီဒိုးနီးယားသည် နယ်စပ်ဂိတ်ကို မကြာခဏ ပိတ်လိုက်ဖွင့်လိုက် လုပ်နေခဲ့သည်။ လက်ရှိတွင်မူ မက်ဆီဒိုးနီးယားသည် ဂျာမနီ သို့မဟုတ် သြစတြီးယားနိုင်ငံသို့ သွားလိုသူများကိုသာ ဝင်ခွင့်ပြုနေသည်။ 
Ref : AFP

Most Read

Most Recent