ဟောင်ကောင်လမ်းပေါ်မှ အဓိကရုဏ်းအတွင်း ရဲများက သေနတ်နှစ်ချက်ပစ်ဖောက်

ဟောင်ကောင်လမ်းပေါ်မှ အဓိကရုဏ်းအတွင်း ရဲများက သေနတ်နှစ်ချက်ပစ်ဖောက်
Published 9 February 2016

ဟောင်ကောင်တွင် တရုတ်နှစ်ကူးကာလအတွင်း ဈေးရောင်းချနေသော လမ်းဘေးဈေးသည်များအား အာဏာပိုင်များက နှင်ထုတ်ရန် ကြိုးပမ်းရာမှ ဖေဖော်ဝါရီ ၉ ရက် အစောပိုင်းတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားပြီး နံပါတ်တုတ် ကိုင်ဆောင်ထားသော ဟောင်ကောင် အဓိကရုဏ်း ထိန်းသိမ်းရေးရဲများသည် သတိပေးသည့် အနေဖြင့် သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ရသည်အထိ ဆိုးရွားခဲ့ကြောင်း သိရသည်။
မောင်ကော့ရပ်ကွက်ရှိ လမ်းများပေါ်တွင် ဖြစ်ပွားခဲ့သော ယခုဆန္ဒပြပွဲသည် ၂၀၁၄ ခုနှစ် နှောင်းပိုင်းက ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာခဲ့သည်။ ရုပ်သံသတင်းထဲတွင် ရဲအရာရှိတစ်ဦးက ဆန္ဒပြသူလူအုပ်ထဲသို့ သေနတ်ဖြင့် ချိန်ထားခဲ့ပြီး ဆန္ဒပြသူများကမူ အုတ်ခဲများ၊ ပုလင်းများ၊ သစ်သားပြားများဖြင့် ရဲများကို ပြန်လည်ပစ်ပေါက် နေကြသည်ကို တွေ့ရသည်။
ပုံမှန်အားဖြင့် ဟောင်ကောင်အာဏာပိုင်များသည် နှစ်ကူးကာလအတွင်း ထိုကဲ့သို့ တရားမဝင် ဈေးရောင်းသူများကို မျက်ကွယ်ပြုလေ့ ရှိကြသည်။ သို့သော်လည်း ယခုနှစ်အတွင်း အာဏာပိုင်များသည် စည်းမျဉ်းတင်းကျပ်ခဲ့ကာ ယခင်က ဈေးရောင်းသည့် နေရာများတွင် အကာအရံများ ကာထားခဲ့ကြသည်။
အာဏာပိုင်များသည် လမ်းဘေး၌ တရားမဝင် ဈေးရောင်းသူများကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြသည့်အတွက် အစွန်းရောက် ဒေသဆိုင်ရာ အခွင့်အရေး လှုပ်ရှားသူများ ပါဝင်သည့် ဆန္ဒပြသူများက ထိုဈေးသည်များအား ပြန်လည်ကာကွယ်ရန် ကြိုးပမ်းရာမှ ယင်းကဲ့သို့ လမ်းပေါ်ရန်ပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ "ဒီနေ့မနက် အစောပိုင်းက မောင်ကော့မှာ အဓိကရုဏ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ လူရာချီပါဝင်တဲ့ ဒေါသထွက်နေတဲ့ လူစုဟာ ရဲနဲ့မီဒီယာတွေကို တိုက်ခိုက်ခဲ့ကြပါတယ်" ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျန်ချန်းယင်က ပြောကြားခဲ့သည်။ "အဲဒီလူတွေဟာ မီးတွေရှို့၊ ရဲအရာရှိတွေကို အုတ်ခဲကျိုးတွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက် လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် ရဲအရာရှိတွေထဲမှာ ဒဏ်ရာရတဲ့သူကရ၊ လမ်းပေါ်လဲကျတဲ့သူကကျ ဖြစ်ခဲ့ရပါတယ်" ဟု လျန်က ဆက်လက်ပြောကြားခဲ့ပြီး အစိုးရသည် ထိုကဲ့သို့ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ အပြစ်တင်ကြောင်း ပြောကြားခဲ့သည်။
TVB သတင်းဌာနမှ ထုတ်လွှင့်မှုတွင် ဆန္ဒပြသူများက TVB မှ ကင်မရာရိုက်ကူးသူကို နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည့် အတွက် ထိုသူ၏လက်တွင် ဒဏ်ရာရသွားသည်ကို တွေ့ရသည်။ လူအုပ်သည် လူစုခွဲရန် တောင်းဆိုမှုကို မနာခံသဖြင့် သေနတ်ဖြင့် ပစ်ဖောက်ခဲ့ရကြောင်း၊ လူသုံးဦးကို ဖမ်းဆီးခဲ့ပြီး ဒဏ်ရာရသည့် ရဲအရာရှိသုံးဦးကို ဆေးရုံသို့ ပို့ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဟောင်ကောင် ရုပ်သံဌာန RTHK ကမူ လူဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်ဟု နောက်ပိုင်းတွင် ဖော်ပြခဲ့သည်။ ထိုဖမ်းဆီး ခံခဲ့ရသူများထဲတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ ပြုလုပ်မည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဒေသဆိုင်ရာ အခွင့်အရေး လှုပ်ရှားသူ တစ်ဦးလည်း ပါဝင်ခဲ့သည်ဟု သိရသည်။ အဆိုပါဒေသဆိုင်ရာ အခွင့်အရေး လှုပ်ရှားသူများသည် ဟောင်ကောင်အပေါ် တရုတ်အစိုးရ၏ သြဇာလွှမ်းမိုးမှု ကျယ်ပြန့်လာမည်ကို အပြင်းအထန် တားဆီးနေပြီး ယင်းတို့ထဲမှအချို့သည် ဟောင်ကောင် လွတ်လပ်ရေး ရရန်အတွက်ပင် လိုလားနေကြသည်။
ဟောင်ကောင်တွင် စာအုပ်ရောင်းချသူငါးဦး ပျောက်ဆုံးမှု ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ ပြဿနာပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယမန်နှစ်က ပျောက်ဆုံးသွားသည့် ထိုငါးဦးသည် တရုတ်ပြည်မကြီးတွင် ဖမ်းဆီးထိန်းသိမ်း ခံနေရသည်ဟု ယုံကြည်ရသည်။ ထိုအခြေအနေများကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်း ရထားသည့် ဟောင်ကောင်၏ လွတ်လပ်မှုသည် တဖြည်းဖြည်း ယိုယွင်းလာမည်ကို ဒေသခံများက စိုးရိမ်ကြသည်။ ၂၀၁၄ ခုနှစ် နှောင်းပိုင်းက ပေါ်ပေါက်ခဲ့သော ဆန္ဒပြမှုကြီးများနှင့် ပတ်သက်၍လည်း ရဲနှင့်ဆန္ဒပြသူများ ကြားတွင် တင်းမာမှုများ ရှိနေဆဲဖြစ်သည်။
Ref : AFP

Most Recent