အဒဲလ်သည် ၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အဆိုတော် အဖြစ် အသိအမှတ်ပြုခံရ

အဒဲလ်သည် ၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အဆိုတော် အဖြစ် အသိအမှတ်ပြုခံရ
Published 9 February 2016

"Hello" သီချင်းဖြင့် စံချိန်ချိုးခဲ့သော အဒဲလ်သည် ၂၀၁၅ ခုနှစ်၏ အကြီးကျယ်ဆုံး အဆိုတော် အဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။
ကမ္ဘာတစ်ဝန်း၌ သီချင်း ရောင်းချရမှုများအား အခြေခံထားသော စာရင်း အရ ဗြိတိန်လူမျိုး အဒဲလ်သည် ပြီးခဲ့သည့်နှစ်က ရောင်းအား အကောင်းဆုံး အဆိုရှင် ဖြစ်ခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ ဂီတ အဖွဲ့အစည်းဖြစ်သည့် IFPI ထုတ်ပြန်ခဲ့သည်။
အဒဲလ်သည် သူ၏ နောက်ဆုံးတေး အယ်ဘမ်ဖြစ်သော "25"ကို နိုဝင်ဘာ ၂၀ ရက်နေ့ မတိုင်မီ အထိ ဖြန့်ချိခြင်း မပြုလုပ်ခဲ့သော်လည်း ၎င်းသည် ယမန်နှစ် တစ်နှစ်လုံး စွမ်းဆောင်ရည် မြင့်မားခဲ့သည်။
ဒုတိယမြောက် အယ်ဘမ်ထွက်ပြီး လေးနှစ်ကျော် အကြာမှ ထပ်မံထွက်ခဲ့သည့် "25" သည် စထွက်ပြီး ပထမ သီတင်းပတ် မှာတင် အမေ ရိကန်နှင့် ဗြိတိန်မှာပါ စံချိန်ချိုး သွားခဲ့သည်။ 
ထို့အပြင် အဒဲလ်၏ "Hello"  သီချင်းမှာလည်း အမေရိကန်တွင် သီတင်းတစ်ပတ် အတွင်းမှာပင် ကြိမ်ရေ တစ်သန်းကျော် ဒေါင်းလုပ်ချခံရသည့် ပထမဆုံး တေးသီချင်း ဖြစ်လာသည်။
  "25" တေးအယ်ဘမ်သည် အမေရိကန် တစ်နိုင်ငံထဲမှာပင် ချပ်ရေ ရှစ်သန်း ရောင်းချခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် ဒုတိယမြောက် ရောင်းအား အကောင်းဆုံး အဆိုတော်မှာ "Thinking Out Loud"  သီချင်းဖြင့် နာမည်ကျော်ကြားနေသော အဆိုတော်၊ တေးရေး ဆရာ Ed Sheeran ဖြစ်သည်။
၂၀၁၄ ခုနှစ်က "1989" တေးအယ်ဘမ်ဖြင့် ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့သည့် အမေရိကန် ကျေးလက်ဂီတ အဆိုရှင် တေလာဆွစ်မှာမူ ၂၀၁၅ ခုနှစ်တွင် တတိယနေရာသို့ ကျဆင်းသွားခဲ့သည်။

Most Read

Most Recent