တရုတ်နှစ်သစ် ‘မီးမျောက်’ တွင် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်ရပ်များ ရှိလာနိုင်

တရုတ်နှစ်သစ် ‘မီးမျောက်’ တွင် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်ရပ်များ ရှိလာနိုင်
Published 8 February 2016

တရုတ်နှစ်သစ် မျောက်နှစ်သည် ဖေဖော်ဝါရီ ၈ ရက်တွင် စတင် ရောက်ရှိခဲ့ပြီး နိုင်ငံရေးနှင့် ဘဏ္ဍာရေး မတည်ငြိမ်မှုများ ၁၂ လတာ ကြုံရနိုင်သည်ဟု ဗေဒင်ဆရာများက ဟောကိန်း ထုတ်ခဲ့ကြသည်။မျောက်၏ မခန့်မှန်းနိုင်သော သဘာဝနှင့် မီး၏ သတ္တိတို့ ပေါင်းစပ်မှုက နှစ်သစ်သည် ဆန်းသစ် တီထွင်မှုနှင့် အမျိုးသမီးများ မြင့်တက်မည့်နှစ်ဟု ဆိုကြောင်း ဟောင်ကောင်၏ ထင်ရှားသော ဖုန်းရွှေဆရာများက ဟောခဲ့သည်။မျောက်သည် အမာသတ္တု သဘာဝကို ပိုင်ဆိုင်သည်ဟု ယူဆကြပြီး မီးက နေကို ကိုယ်စားပြုကြောင်း ဟောင်ကောင်အခြေစိုက် ဖုန်းရွှေဆရာ အယ်လီယွန်ယိုက ပြောကြားခဲ့သည်။“ဒီနှစ်ခုပေါင်းရင် အလွန်ပြင်းတဲ့ အပူချိန် ဖြစ်လာမယ်။ အငြင်းပွားမှု၊ အနာရောဂါတွေ အများကြီးအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရမယ်” ဟု ၎င်းက ဆိုသည်။ကံကောင်းစေရန်နှင့် ချမ်းသာစီးပွားအတွက်၊ အိမ်နှင့် ရုံးများ ပြင်ဆင်ရန်အတွက် ဆောင်ရွက်ပေးနိုင်သည်ဟု ယူဆကြပြီး အာရှတွင် ဖုန်းရွှေသည် အလွန်ခေတ်စားသည်။ဖုန်းရွှေသည် စကြဝဠာကို ဖွဲ့စည်းထားသော သတ္တု၊ သစ်၊ ရေ၊ မီးနှင့် မြေတို့အကြား ဟန်ချက် အပြောင်းအလဲက အားလုံးကို ကြီးစိုးလွှမ်းမိုးထားကြောင်း ယုံကြည်မှုနှင့် ရှေးအယူအဆကို အခြေခံထားသည်။ ဟောင်ကောင်မှ ဖုန်းရွှေဆရာ သီရာရီချူးက “မီးမျောက်” နှစ်တွင် ထိတ်လန့်ဖွယ် အဖြစ်အပျက် ရှိလာမည်ဟု သတိပေးခဲ့သည်။“မီးက ဓာတ်ကြီးငါးပါးမှာ လွှမ်းမိုးပါတယ်။ မျောက်မှာ မီးထပ်ပါတဲ့အခါ သူတို့က ပြောင်းလဲသွားမှာပါ။ ခန့်မှန်းရလည်း ခက်လာမယ်။ မမျှော်လင့်တာတွေ အများကြီး ဖြစ်လာမယ်” ဟု ချူးက ဟောကိန်းထုတ်ခဲ့သည်။မီးမျောက်နှစ် နောက်ဆုံး ရောက်ခဲ့သည်မှာ ၁၉၅၆ ခုနှစ်ဖြစ်သည်။ ထိုနှစ်တွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် စူးအက်တူးမြောင်း အကျပ်အတည်းအတွက် အီဂျစ်ကို ကျူးကျော်ခဲ့သည်။ ဗြိတိန်အင်ပါယာ ကျရုံးမှုအတွက် ထိုဖြစ်ရပ်သည် အရေးပါကြောင်း သမိုင်းပညာရှင်များက ယုံကြည်ထားသည်။သို့သော်လည်း မျောက်နှစ်သည် တည်ငြိမ်မှုကိုလည်း ဆောင်ယူလာနိုင်ဖွယ် ရှိသည်။ မျောက်နှစ်၌ အဓိကကျသော ဆန်းသစ်တီထွင်မှုတို့ ရှိလာနိုင်ကြောင်း နည်းပညာသည် မီးနှင့်ဆိုင်ကြောင်း ချူးက ဟောခဲ့သည်။“ဆိုလာစွမ်းအင် နည်းပညာ၊ မီးနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ၊ အင်တာနက် နည်းပညာတွေမှာ တိုးတက်ဖြစ်ထွန်းမှုကြီးတွေ ရှိလာနိုင်ပါတယ်” ဟု ချူးက ပြောကြားခဲ့သည်။တရုတ်ပြက္ခဒိန်သည် လ၏ လည်ပတ်မှုကို အခြေခံထားပြီး တရုတ်တို့က သတ္တဝါ ၁၂ မျိုးဖြင့် နှစ်ကို သတ်မှတ်သည်။ မျောက်သည် နဝမ နေရာ၌ ရှိသည်။အာရှ၏ ထိပ်တန်းဘဏ္ဍာရေး ပွဲစားလုပ်ငန်း တစ်ခုဖြစ်သော CLSA က မျောက်နှစ်တွင် ဘဏ္ဍာရေးဈေးကွက်၌ ဝုန်းဒိုင်းကြဲမှုများ ရှိမည်ဟု ခန့်မှန်းခဲ့သည်။ CLSA ၏ ဖုန်းရွှေအဖွဲ့မှ ချယ်ရီမားက “အတက်အကျတွေ အများကြီး ရှိမှာပါ။ မျောက်ဆိုတဲ့ သတ္တဝါက ဉာဏ်များပါတယ်” ဟု ပြောကြားခဲ့သည်။ထို့ပြင် အပြောင်းအလဲများနှင့်အတူ အရွေ့မြန်သူများအတွက် အခွင့်အလမ်းများလည်း ရှိကြောင်း မားက ပြောကြားခဲ့သည်။ကုန်လွန်တော့မည့် ဆိတ်နှစ်သည် ကမ္ဘာ့ဈေးကွက် ကသောင်းကနင်း ဖြစ်ရပ်များ ရှိခဲ့ပြီး တရုတ်စီးပွားရေး နှေးကွေးမည်ကို စိုးရိမ်မှုကြောင့် တရုတ်စတော့ဈေးကွက် ကျဆင်းမှုများနှင့် ကြုံခဲ့ရသည်။ဖေဖော်ဝါရီနှင့် သြဂုတ်သည် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်ခဲဆုံး လများဖြစ်ပြီး ဥစ္စာဓန လွှဲပြောင်းမှုများ၊ ဆုံးရှုံးမှုများ ရှိလာမည်ဟု အယ်လီယွန်ယိုက ပြောကြားခဲ့သည်။မျောက်နှစ်တွင် အမျိုးသမီးများသည် မီးနှင်သက်ဆိုင်သည့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိကြောင်း အထူးသဖြင့် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်သည် ၁၉၅၆ ခုနှစ် မီးမျောက်နှစ်တွင် မွေးဖွားသူဖြစ်ကြောင်း ချူးက ပြောကြားခဲ့သည်။မျောက်နှစ်တွင် အပြောင်းအလဲကြီး ရှိနိုင်ကြောင်း ဆန်အင်းဝမ်အတွက် အိမ်ရာ ရွှေ့ပြောင်းမှု ဖြစ်မည်ဖြစ်ကြောင်း ချူးက ထပ်မံပြောကြားခဲ့သည်။ ဆန်အင်းဝမ်သည် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် အာဏာရ ကူမင်တန်ပါတီကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မေလတွင် သမ္မတရာထူးကို လက်ခံရယူမည်ဖြစ်သည်။ ထို့ပြင် အမေရိကန်တွင်လည်း သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်ရန် ကြိုးပမ်းနေသည့် ဒေါ်နယ်ထရန့်သည် အခက်အခဲနှင့် ကြုံရနိုင်ပြီး နေကို လက စားမည်ဖြစ်ကြောင်း အယ်လီယွန်ယိုက ဟောကိန်းထုတ်ခဲ့သည်။Ref: AFP

Most Read

Most Recent