ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုအား ပြင်းထန်စွာ အပြစ်တင်ပြီး အမြန်ဆုံး အရေးယူမည်ဟု ကတိပြု

ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုအား ပြင်းထန်စွာ အပြစ်တင်ပြီး အမြန်ဆုံး အရေးယူမည်ဟု ကတိပြု
Published 8 February 2016

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဖေဖော်ဝါရီ ၇ ရက်က မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယားကို အပြစ်ပေးရန် ပိတ်ဆို့ အရေးယူမှု အသစ်များကိုလည်း အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု သဘောတူညီခဲ့ကြသည်။ဂြိုဟ်တု သယ်ဆောင်သွားသော ဒုံးပျံ လွှတ်တင်ပြီးနောက် ပြုလုပ်ခဲ့သည့် အရေးပေါ် အစည်းအဝေးအတွင်း ကောင်စီက မြောက်ကိုရီးယားအပေါ် ထိထိရောက်ရောက် စည်းမျဉ်းများ ချမှတ်ရန် ဆွေးနွေးခဲ့ကြသည်။ မြောက်ကိုရီးယားအား အရေးယူရေးကို ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဆွေးနွေးနေသည်မှာ သီတင်းပတ်များစွာ ရှိနေပြီ ဖြစ်သော်လည်း တရုတ်က ယခင်ကတည်းက အားနည်းနေသည့် မြောက်ကိုရီးယား၏ စီးပွားရေးအပေါ် အရေးယူပိတ်ဆို့ရေးနှင့် ပတ်သက်၍ တွန့်ဆုတ်နေသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော လုံခြုံရေး ကောင်စီက အရေးယူ ပိတ်ဆို့ရန် မူကြမ်းကို အမြန်ဆုံး လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။ သို့သော် တရုတ်ဘက်မှ ပိုမိုတင်းကျပ်စွာ အရေးယူရေးနှင့် ပတ်သက်ပြီး တောင်းဆိုသံ မထွက်လာသေးပေ။ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ကောင်စီ၏ ဆုံးဖြတ်ချက် အသစ်သည် တင်းမာမှုများကို လျှော့ချရန်၊ နျူကလီးယား ဖျက်သိမ်းရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အတွက်သာ ဖြစ်သင့်သည်ဟု ဆိုနေသည်။ မြောက်ကိုရီးယား သင်္ဘောများအား ဆိပ်ကမ်းများသို့ ကပ်သည်ကို တားမြစ်ခြင်း၊ ရေနံကုန်သွယ်မှုကို ပိတ်ပင်ခြင်း အစရှိသော ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများကို လုပ်ဆောင်ပါက တရုတ်အနေဖြင့် ဗီတိုအာဏာကိုပင် အသုံးပြု ပယ်ချနိုင်ဖွယ် ရှိနေသည်။ ထိုစဉ် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကလည်း မြောက်ကိုရီးယား၏ စီးပွားရေး ပြိုလဲသွားမည်ကို ကြည့်မနေသင့်ဟု သတိပေးခဲ့သည်။ဂြိုဟ်တု လွှတ်တင်ပြီး မကြာမီမှာပင် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) ကို မြောက်ကိုရီးယားနယ်စပ်၌ ထားရှိရေးအတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ တရားဝင် စတင်ဆွေးနွေးနေပြီ ဖြစ်သည်။ ထို့အပြင် ယခုနှစ်တွင် ပြုလုပ်မည့် နှစ်နိုင်ငံ၏ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုမှာလည်း အကြီးမားဆုံး ဖြစ်လာလိမ့်မည်ဟု တောင်ကိုရီးယားဘက်မှ ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယား ဒုတိယ ကာကွယ်ရေးဝန်ကြီး ယိုဂျန်ဆောင်ကလည်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယား-အမေရိကန် စစ်ရေးမဟာမိတ်ဖွဲ့မှု အနေအထားကို မဖြစ်မနေ အဆင့်တိုးမြှင့်ရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent