လပေါ်၌ လမ်းလျှောက်ခဲ့ဖူးသည့် အာကာသယာဉ်မှူး အဂ္ဂါမစ်ချယ် အသက် ၈၅ နှစ်တွင် ကွယ်လွန်

လပေါ်၌ လမ်းလျှောက်ခဲ့ဖူးသည့် အာကာသယာဉ်မှူး အဂ္ဂါမစ်ချယ် အသက် ၈၅ နှစ်တွင် ကွယ်လွန်
Published 7 February 2016
Ref:AFP

လကမ္ဘာပေါ်၌ လမ်းလျှောက်ခဲ့ဖူးသူ ၁၂ ဦးထဲတွင် ပါဝင်သည့် အမေရိကန် အာကာသယာဉ်မှူး အဂ္ဂါမစ်ချယ်သည် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏ မိသားစုနှင့် နာဆာအဖွဲ့တို့က ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။မစ်ချယ်သည် သူ၏ယာဉ် လပေါ်သို့ ဆင်းသက်ခဲ့သည့် ၄၅ နှစ် ပြည့် ဖေဖော်ဝါရီ ၄ ရက်တွင် အချိန်တိုမျှသာ နာမကျန်းဖြစ်ခဲ့ပြီးနောက် ဖလော်ရီဒါတွင် ကွယ်လွန်သွားခဲ့ပြီး နာဆာအဖွဲ့က သူ့အား ဂါရဝပြု ခဲ့သည်။မစ်ချယ်သည် ၁၉၇၁ ခုနှစ် အပိုလို-၁၄ ခရီးစဉ်တွင် အလန်ရှီးပက်ဂျူနီယာ၊ စတူးအက်ရိုဆာတို့ နှင့်အတူ ပါဝင်ခဲ့သူ ဖြစ်သည်။ရိုဆာသည် ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ရှီးပက်သည် ၁၉၉၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သောကြောင့် မစ်ချယ်သည် နောက်ဆုံး အသက်ရှင် ကျန်ရစ်ဆဲ အပိုလို-၁၄ အဖွဲ့ဝင် ဖြစ်ခဲ့သည်။၁၉၉၇ ခုနှစ် နာဆာ၏ ပါးစပ်ရာဇဝင်အစီအစဉ်တွင် မစ်ချယ်က စကားပြောကြားခဲ့ရာ၌ သမ္မတ ဂျွန်အက်ဖ်ကနေဒီက အာကာသယာဉ်မှူးများကို လကမ္ဘာသို့ စေလွှတ်ရန် တောင်းဆိုခဲ့ပြီးနောက် သူသည် အာကာသခရီးစဉ်အတွက် ရွေးချယ်ခံခဲ့ရကြောင်း ပြောပြခဲ့သည်။“ဒါက ကျွန်တော် လိုချင်ခဲ့တာပါပဲ။ ဘာမြင်ရမလဲဆိုပြီး တောင်ထိပ်ကို တက်သွားတဲ့ ဝက်ဝံတစ်ကောင်လိုပေါ့။ ခင်ဗျားတို့ သင်ယူနိုင်ခဲ့တာတွေလိုပေါ့။ ကျွန်တော့် ဘဝအစောပိုင်းကတည်းက လေ့လာစူးစမ်းဖို့၊ ပညာသင်ကြားဖို့နဲ့ ရှာဖွေဖို့ ကျွန်တော် မြှုပ်နှံခဲ့တယ်။ ကျွန်တော် ဒီလိုပဲ ဆက်သွားခဲ့တာပါ”ဟု မစ်ချယ်က ပြောကြားခဲ့သည်။ 

Most Read

Most Recent