ရွှေဝါရောင်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်အား လဝက အက်ဥပဒေဖြင့် တရားစွဲဆိုထားသော အမှုအတွက် မဟာအောင်မြေမြို့တရားရုံးတွင် ရုံးထုတ်

ရွှေဝါရောင်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်အား လဝက အက်ဥပဒေဖြင့် တရားစွဲဆိုထားသော အမှုအတွက် မဟာအောင်မြေမြို့တရားရုံးတွင် ရုံးထုတ်
Published 3 February 2016
ယဉ်မျိုးသွယ် (မန္တလေး)

ရွှေဝါရောင်အရေးအခင်း လှုပ်ရှားမှုတွင်  ဦးဆောင်သူတစ်ဦးဖြစ်သည့်  ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်အား မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည်ဟုဆိုက လဝက အက်ဥပဒေ ၁၃ (၁) ဖြင့် တရားစွဲဆိုထားသော မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၃ ရက်က ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။ရုံးထုတ်တွင် ဦးညီညီလွင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် လွတ်လပ်သောရှေ့နေများအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ ဦးရောဘတ်ဆန်းအောင်တို့ ပါဝင်သော ရှေ့နေ ၁၉ ဦးမှ ပါဝါတင်ခဲ့ပြီး ဦးညီညီလွင်၏ ဇနီး Mrs. Farnce Marie Linda မှာ သြစတြေးလျနိုင်ငံသူ (နိုင်ငံခြားသား) ဖြစ်ရာ  ဇနီးမောင်နှံဖြစ်ကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။ဆက်လက်၍ ဦးညီညီလွင်မှာ စိတ်ကျန်းမာရေး အခြေအနေအရ အာမခံလျှောက်ထားခဲ့ပြီး တရားရုံးမှ ဖေဖော်ဝါရီ ၁၀ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။“ကျွန်တော့် ကျန်းမာရေးအခြေအနေအရ အာမခံလျှောက်ထားခဲ့ပါတယ်။ ထောင်ထဲမှာတော့ မဖြစ်မနေ သောက်ရမယ့် ဆေး တစ်နေ့သုံးကြိမ်ကို ကောင်းမွန်စွာ သောက်ခွင့်ရပါတယ်။ ကျွန်တော့်ကို စွဲတဲ့ လဝက အက်ဥပဒေ ၁၃ (၁) ဟာ လုံးဝမဖြစ်သင့်ပါဘူး။ ကျွန်တော့် ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ နယ်စပ်ဖြတ်ကျော် အလုပ်သမားတွေကိုင်ဆောင်တဲ့ လက်မှတ်စာအုပ်တွေနဲ့ သွားဆေးကုနေရင်း ခုလို တရားစွဲခံခဲ့ရတာပါ”ဟု ဦးညီညီလွင်က ရုံးထုတ်စဉ်ပြောကြားသည်။ယင်း၏ ဇနီးဖြစ်သူမှာ သြစတြေးလျနိုင်ငံသူဖြစ်သဖြင့် ထိုင်းနယ်စပ်သို့ ဆေးကုသရင်း သွားရောက်တွေ့ဆုံလေ့ရှိကြောင်း သိရသည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် လှုပ်ရှားခဲ့သည့် ဦးဂမ္ဘီရခေါ် ဦးညီညီလွင် သည် ထောင်မှပြန်လည် လွတ်မြောက်လာသော်လည်း ထောင်တွင်း ရရှိခဲ့သည့် ဝေဒနာများကြောင့် ကာလကြာဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။ဖြစ်စဉ်မှာ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင် နှင့်ဇနီး Mrs. Farnce Marie Linda တို့သည် ဇန်နဝါရီ ၁၉ ရက်၁၂ နာရီခန့်က မိတ္ထီလာမြို့၊ ခရတနာမာန်အောင် ရပ်ကွက်တွင် တည်းခိုနေရာမှ နယူးမြန်မာယာဉ်လိုင်းဖြင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အရှေ့ရပ်ကွက်၊ လမ်း ၈၀ နှင့် ၄၀ ထောင့် ရှိ ပါဝါဟိုတယ်သို့ တည်းခိုလျက်ရှိကြောင်း သတင်းအရ မြို့နယ် လဝကအဖွဲ့၊ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့သည် ဝင်ရောက်စစ်ဆးမှုများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။စစ်ဆေးချက်အရ ဦးဂမ္ဘီရသည် ၁၆-၁-၂၀၁၆ တွင် တာချီလိတ်မြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မယ်ဆိုင်သို့ တရားမဝင် ဖြတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ၁၂-၁၁-၂၀၁၃ ၌ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာပြီး ချင်းမိုင်မြို့၊ ဆီပူလင်းဆေးရုံတွင် ဆေးကုသ၍ မြန်မာနိုင်ငံသို့ ပြန်လာခြင်းမရှိဘဲ တရားမဝင် နေထိုင်ခဲ့ကြောင်း စသည်တို့ကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။ထို့ကြောင့် ဦးဂမ္ဘီရသည် မယ်ဆိုင်ချောင်းကို ဖြတ်၍ မြန်မာနိုင်ငံသို့ တရားမဝင် ပြန်လည်ဝင်ရောက်ခြင်း၊ မြန်မာနိုင်ငံတွင်းသို့  တရားမဝင် ဝင်၊ ထွက်သွားလာသဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃ (၂) ကို ကျူးလွန်ကြောင်း စိစစ်တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီ၂၀ ရက် နံနက်တွင် မဟာအောင်မြေမြို့နယ် လဝက ဦးစီးမှူး ဦးသောင်းတန်က တိုင်တန်း၍ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ကို (ပ) ၅၇/၂၀၁၆ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အမှတ်(၉) ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent