ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းနယ်မြေ ရဲစခန်းအပိုင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၂ မိုင်အနီးတွင် ရန်ကုန်မှ နေပြည်တော်သို့ ခရီးအတူထွက်လာသည့် ယာဉ်အချင်းချင်းတိုက်မိပြီး အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကာ မြို့ချောင်းဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။“ဘယ်လိုဖြစ်တာလဲတော့ မသိရသေးဘူးခင်ဗျ။ ကားကတော့ ၁၁ စီးလာတာ။ သူတို့ အဖွဲ့လိုက် လာတာပါ။ အဲဒီ ၁၁ စီးထဲကပဲ အချင်းချင်းတွေဖြစ်တာပဲ။ ကားတွေကတော့ ရန်ကုန်ကနေပြီးတော့ နေပြည်တော်ကို သွားမှာလို့တော့ ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်တာကတော့ ညနေ ၅ နာရီ မိနစ် ၃၀၊ ၄၅ မိနစ်လောက်မှာ ဖြစ်တာ။ ၁၀၂ မိုင် ဇီးရိုးမှာ ဖြစ်တာပါ။ တစ်ဦးက အခင်းဖြစ်နေရာမှာ ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံကို ပို့ထားပါတယ်” ဟု ၁၀၂ မိုင် အမြန်လမ်းမကြီး ရဲကင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မှ နေပြည်တော်သို့ အတူတူထွက်ခွာလာသည့် ယာဉ် ၁၁ စီးသည် ကျောက်တံခါးမြို့နယ် မြို့ချောင်းနယ်မြေရဲစခန်းအပိုင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၂ အနီးသို့ အရောက် ညနေ ၅ နာရီခွဲခန့်တွင် အရှိန်မထိန်းနိုင်ဘဲ ခရီးအတူထွက်လာသည့် ယာဉ်အချင်းချင်း တိုက်မိပြီးနောက် ယာဉ်နှစ်စီးမှာ အမြန်လမ်းမကြီးအတိုင်း လမ်းပြောင်းပြန်ဖြစ်သည့် နေပြည်တော်-ရန်ကုန် လမ်းကြောဘက်သို့ ရောက်ရှိတိမ်းမှောက်ကာ ပရိုဘောက်စ်ယာဉ် တစ်စီးမှာ လမ်းလယ်ကျွန်း အလယ်ခန့်သို့ ရောက်ရှိတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ခုနစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။“ ဒီမှာ လူနာတွေ ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ လိုက်ထရပ်ကားနဲ့ ငါးယောက်၊ ပရိုဘောက်စ်တစ်စီးက တစ်ယောက်နဲ့ နောက်ထပ် Ambulance တစ်စီးနဲ့ အဲဒါနဲ့ တစ်ယောက်ကို ကျွန်တော်တို့လည်း မြို့ချောင်းဆေးရုံကို အမြန်ဆုံး ပို့လိုက်ပါတယ်ခင်ဗျာ။ကျွန်တော်တို့လည်း ဒီမှာလမ်းကြောင်းရှင်းနေရတာမို့လို့ ကျန်တဲ့ဖြစ်စဉ် အသေးစိတ်ကိုတော့ ရဲစခန်းကိုပဲ ဆက်လိုက်ပါခင်ဗျာ”ဟု အမြန်လမ်းတွင် ယာဉ်ကြောရှင်းလင်းရေး တာဝန်ယူနေသူ အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၃၀ ရက် ည ၉ နာရီ ခန့်တွင် ပြောကြားသည်။“ကျွန်တော်က ရန်ကုန်တိုးဂိတ်မှာကတည်းက သူတို့အဖွဲ့တွေကို တွေ့တာပါ။ ပရိုဘောက်စ်ကား ခုနစ်စီးလောက် တန်းစီရပ်ထားပြီး မိန်းကလေးတွေ ဓာတ်ပုံရိုက်နေတာ တွေ့တယ်။ ၃၉ မိုင်လောက် အဲဒီကားတန်းကြီးက ကျွန်တော့်ကားကို အကုန်ကျော်သွားတယ်။ အရှိန်တော်တော် များတယ်ဗျ။ ကားတိုင်းမှာလည်း လူအပြည့် မိန်းကလေးတွေ များတယ်။ မကြာပါဘူး။ ၁၀၁ အရောက်မှာ သူတို့ကားတွေ ရပ်ထားတာတွေ့လို့ ကြည့်လိုက်တဲ့အခါ ကားမှောက်နေတာ တွေ့ရတယ်။ ကွေ့မှာ အချင်းချင်းကျော်တက်ရင်း အရှိန်မထိန်းနိုင်ဘဲ ငြိပြီး မှောက်သွားပုံရတယ်။ မိန်းကလေးတစ်ယောက်တော့ ပွဲချင်းပြီးသေတာ တွေ့တယ်။ နောက် မိန်းကလေး လေးယောက် နဲ့ ယောကျ်ားလေးတစ်ယောက် ဒဏ်ရာရတယ်။ သူတို့အဖွဲ့က တောင်ငူကို သွားမယ်လို့ ပြောသံကြားတာပဲ”ဟု ယာဉ်တိုက်မှုကို မြင်တွေ့ခဲ့ရသော ကိုကိုစိန်က ပြောကြားသည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား မြို့ချောင်း အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများ၊ အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အတူခရီးထွက်လာသည့် ခရီးသည်များက မြို့ချောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အမြန်လမ်းမကြီး မြို့ချောင်းနယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းပိတ်ထားသဖြင့် ဖုန်းခေါ်ဆို၍ မရခဲ့ပေ။ မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ထားသည့် ထိခိုက်ဒဏ်ရာရရှိသူ ခုနစ်ဦးတွင် အချို့မှာဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရဖွယ် အခြေအနေရှိကြောင်းသိရပြီး အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အား တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမြန်လမ်းမကြီး ၁၀၂ မိုင်တွင် ရန်ကုန်မှ နေပြည်တော်သို့ ခရီးအတူထွက်လာသည့် ယာဉ်အချင်းချင်း တိုက်မိပြီး တစ်ဦးသေဆုံးကာ ခုနစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ















