အစိုးရသစ်တွင် ရာထူးနေရာအတွက် ရွေးကောက်ပွဲအနိုင်ရပါတီ NLD က ကမ်းလှမ်းထားခြင်းမရှိသေးကြောင်း သူရဦးရွှေမန်း ပြောကြား

အစိုးရသစ်တွင် ရာထူးနေရာအတွက် ရွေးကောက်ပွဲအနိုင်ရပါတီ NLD က ကမ်းလှမ်းထားခြင်းမရှိသေးကြောင်း သူရဦးရွှေမန်း ပြောကြား
Published 29 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အစိုးရသစ်တွင် ရာထူးနေရာအတွက် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကမ်းလှမ်းထားခြင်း မရှိသေးကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။သူရဦးရွှေမန်းက နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမတွင် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “NLD ဘက်က ဘယ်လိုရာထူးနေရာတွေ ကမ်းလှမ်းထားတာရှိလဲ”ဟု မေးမြန်းရာတွင် သူရဦးရွှေမန်းက “လောလောဆယ်တော့ ဒါနဲ့ပတ်သက်လို့ ဘယ်တာဝန်၊ ဘယ်ကိစ္စတွေမှာ လုပ်ပေးပါဆိုတဲ့ဟာတော့ လောလောဆယ်တော့မရှိပါဘူး။ ကိုယ့်ရဲ့ သုံးသပ်ချက်၊ မျှော်လင့်ချက်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း သူ့ကို ပြည်သူကလည်း လေးစားယုံကြည်တယ်။ နိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်။ သူ့မှာလည်း အမြော်အမြင်တွေ၊ ဆင်ခြင်တုံတရားတွေ ပြည့်ဝတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူ့အနေနဲ့ တာဝန်ပေးမယ် သို့မဟုတ်ရင် အသုံးချမယ်ဆိုရင်ပေါ့လေ သူလည်း သေချာစဉ်းစားပြီးတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ့် ကိစ္စမျိုးပဲ ဖြစ်မယ်ထင်ပါတယ်။ တို့ဘက်ကတော့ ဘယ်နေရာ၊ ဘယ်ရာထူး၊ ဘာတာဝန်ဆိုတဲ့ဟာကို အဓိကထား မစဉ်းစားဘဲနဲ့ အများအကျိုး တိုင်းပြည်အကျိုးအတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ မူလရည်ရွယ်ချက်အတိုင်းပဲ ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားသည်။သူရဦးရွှေမန်းက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်လည်း သူ့မှာဉာဏ်အမြော်အမြင်တွေ ရှိပါတယ်။ နည်းနည်းလေး ရိုင်းမလားတော့မသိဘူး။ အဘကို သူတို့ ကောင်းကောင်းအသုံးချမှာပါ။ အသုံးချပါ။ အဘကလည်း အခုနက နိုင်ငံနဲ့ နိုင်ငံသားအတွက်ဆိုရင် လုပ်ပေးဖို့ အသင့်ရှိပါတယ်”ဟု ပြောကြားသည်။နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့သည် နေ့စဉ်လိုလို တွေ့ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။“အဓိက ဆွေးနွေးတာကတော့ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ပါ။ အဲဒါပြီးတဲ့အခါမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပါ။ ဒီကိစ္စတွေက နိစ္စဓူဝဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အမြဲစဉ်းစား သုံးသပ်နေရတာ။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီနေ့သိတဲ့ အတိုင်းပဲ ပြီးခဲ့တဲ့အစဉ်အဆက် တို့မီခဲ့တဲ့ နဝတ၊ နယက အစိုးရကနေပြီးတော့ အခုခေါ်နေတဲ့ အစိုးရသစ်ပေါ့ လက်ရှိအစိုးရအသစ်မှာ ဘာပဲဖြစ်ဖြစ် အမိန့်နဲ့ အာဏာနဲ့အပေါ် ကနေစီးပြီးတော့ ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်တာ အကျင့်တွေကလည်းပါတာ။ ဒီအတိုင်းပဲ ဖြစ်တယ်။ ဒီတစ်ခေါက် ရွေးကောက်ပွဲကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရတယ်။ လူထုကလည်း အပြောင်းအလဲကို လိုချင်တယ်။ ဘာအပြောင်းအလဲလဲ ဒီမိုကရေစီ အပြောင်းအလဲ ဒါကြောင့်မို့လို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ဆိုရင် များစွာကြိုးစားရဦးမယ်။ ရုန်းကန်ရဦးမယ်။ အရင်ခေါက် ရိုးကျိုးနေတဲ့ အကျင့်တွေကို ပယ်ဖျက်ဖို့အတွက်။ ဒါကြောင့်မို့လို့ အဲဒီလိုအနေအထားမျိုးကနေပြီးတော့ ဘယ်လိုကျော်လွှားပြီးတော့ နိုင်ငံကောင်းအောင်၊  နိုင်ငံတိုးတက်အောင်၊ ပြည်သူများရဲ့ အကျိုးစီးပွားဖြစ်အောင် ဒီကိစ္စမျိုးတွေကိုပဲ တိုင်ပင်တာပါ”ဟု သူရဦးရွှေမန်းက ပြောကြားသည်။NLD နှင့် သူရဦးရွှေမန်းကြားတွင် မည်သည့် စည်းမျဉ်းစည်းကမ်း၊ ကတိကဝတ်တို့မျှမရှိကြောင်း ၎င်းကပြောကြားသည်။နိုင်ငံကောင်းရန်နှင့် ယနေ့တွေ့ကြုံနေသည့် အခက်အခဲများကို ပြေပျောက်စေရန် ဆောင်ရွက်ရန်အတွက် ပြည်သူအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တာဝန်ပေးလိုက်ပြီးဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။“အခုလည်း ဒီလွှတ်တော်ဖွဲ့စည်းရေးကိစ္စတွေ နောက်အစိုးရဖွဲ့စည်းရေးကိစ္စတွေ သူတို့အလေးအနက်ထား စဉ်းစားရမယ်။ စဉ်းစားရမယ့်အချိန်ပဲ။ သူတို့အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူမှန်နေရာမှန် ရွေးချယ်နိုင်ဖို့ လိုပါတယ်။ လူမှန်နေရာမှန် ရွေးချယ်ပြီးတော့ တာဝန်ပေးမယ်ဆိုရင် သူတို့အောင်မြင်မှာပဲ။ မျှော်လင့်ချက်ထားပြီးတော့ ကောင်းတဲ့မျှော်လင့်ချက်က ဘာလဲဆိုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌက နိုင်ပေမယ့်လို့ အကုန်လုံးမယူဘူး။ ပြန်ပြီးတော့ မျှဝေပေးမယ်။ ဒါကြောင့်မို့လို့ အစိုးရဖွဲ့စည်းတဲ့နေရာမှာ တခြားပါတီကရော၊ တိုင်းရင်းသားတွေကရော၊ ပြီးတဲ့အခါမှာ ပြည်သူထဲကရော ခေါ်ပြီးတော့ ဖွဲ့စည်းမယ်ဆိုတဲ့ဟာက အင်မတန်ကောင်းတယ်။တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးအတွက်လည်း ဖြစ်နိုင်တယ်။ အဲဒီလိုသာ  စနစ်တကျ စေတနာထားပြီးတော့ မှန်မှန်ကန်ကန် ဆောင်ရွက်သွားမယ်ဆိုရင် NLD အစိုးရအဖွဲ့ဟာလည်း အောင်မြင်တဲ့ အစိုးရအဖွဲ့တစ်ခုဖြစ်မယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်”ဟု ၎င်းက သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။သူရဦးရွှေမန်းအနေဖြင့် မည်သည့်ရာထူးနေရာ ထမ်းဆောင်ချင်စိတ်ရှိသလဲဟု  သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “တိတိကျကျ တာဝန်ယူချင်တယ် သို့မဟုတ် ဟိုက တာဝန်ပေးမယ်ဆိုတာကတော့ လောလောဆယ်ပေါ့လေ ထုတ်ဖော်ပြောစရာအကြောင်း မရှိပါဘူး။ ပြောမယ်ဆိုရင် ဒီအချိန်မှာ ကိုယ်ကရှုံးထားတဲ့ လူတစ်ယောက်ဖြစ်တယ်။ ရှုံးထားတဲ့ လူတစ်ယောက်ဖြစ်ပြီးတဲ့အခါမှာ ကိုယ်က ကျွန်တော်တော့ ဒီနေရာလေးပေးပါဆိုတာ ကျွန်တော်လုပ်ချင်လို့ ဖြစ်လိမ့်မယ်။ အဲဒီလိုတစ်ခါမှ မလုပ်ခဲ့ဘူး အရင်က။ ဒီနေ့လည်း လုပ်မှာမဟုတ်ဘူး။ နောက်လည်း လုပ်မှာမဟုတ်ဘူး။ ဒီနေ့ ဒီလောက်ထိ ရတဲ့ရာထူးတွေက ကျွန်တော့်ကို ဒါပေးပါလို့ တစ်ခါမှ မပြောခဲ့ဘူး”ဟု ပြောကြားသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌရွေးချယ်ထားမှုနှင့် ပတ်သက်၍ “ဦးတီခွန်မြတ်ကို ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်မှာ ထားရှိဖို့က ဥက္ကဋ္ဌကြီး ထောက်ခံတယ်။ ဥက္ကဋ္ဌကြီးထောက်ခံဖို့ NLD ဘက်က ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်းတယ်။ တောင်းတယ်ဆိုတဲ့စကား တခြားမဟုတ်ပါဘူး။ ဒီနေ့ ခုနကပြောသလို ပြည်ခိုင်ဖြိုးမှာလည်း တာဝန်ရှိသူတစ်ယောက်။ ပြီးတဲ့အခါမှာ လွှတ်တော်မှာလည်း တာဝန်အရှိဆုံး လူတစ်ယောက်ဖြစ်တဲ့အတွက် လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူ။ ပြည်ခိုင်ဖြိုးက လူတစ်ယောက်ဖြစ်တဲ့အတွက် ဥက္ကဋ္ဌကြီးဆီ မတိုင်ပင်လို့လည်း မရဘူး။ မတောင်းခံလို့လည်း မရဘူး။  ဒါကြောင့်မို့လို့ တောင်းခံတယ်။ ခွင့်ပြုတယ်။ ထောက်ခံတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။ပထမအကြိမ် လွှတ်တော်ငါးနှစ်တာကာလသည် ဇန်နဝါရီ ၂၉ ရက်တွင် ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး သူရဦးရွှေမန်း၏ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးသည်လည်း ပြီးဆုံးခဲ့ပြီဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအများစု အနိုင်ရရှိခဲ့ပြီး ယင်းပါတီမှ ကိုယ်စားလှယ်အများစုပါဝင်မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။      

Most Read

Most Recent