ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဇီကာဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရှိသည့် နိုင်ငံများတွင် ဖြစ်ပွားနိုင်ခြေရှိခြင်းကြောင့် ပြည်တွင်း၌ ကူးစက်မှုမဖြစ်စေရန် သတိပေး

ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဇီကာဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရှိသည့် နိုင်ငံများတွင် ဖြစ်ပွားနိုင်ခြေရှိခြင်းကြောင့် ပြည်တွင်း၌ ကူးစက်မှုမဖြစ်စေရန် သတိပေး
Published 29 January 2016
အိသÍ္ဇာကျော်

ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဇီကာဗိုင်းရပ်စ် (Zika Virus) သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများသည့် နိုင်ငံများတွင် ကူးစက်ဖြစ်ပွားနိုင်ခြေ ရှိခြင်းကြောင့် ပြည်တွင်း၌ ကူးစက်မှုမဖြစ်စေရန် ခြင်နှိမ်နင်းရေး အပါအဝင် ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်ရန် ပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားကြောင်း သိရသည်။“သွေးလွန်တုပ်ကွေးဖြစ်တဲ့ခြင်နဲ့ ဇီကာဖြစ်တဲ့ခြင်က အတူတူပဲဖြစ်တဲ့အတွက် သတိထားဖို့လိုတယ်။ သွေးလွန်တုပ်ကွေးလို ပဲ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ဖို့လိုတယ်။ သွေးလွန်တုပ်ကွေးဆိုရင် လူတွေက သိပ်မကြောက်ကြဘူး။ အခု ဇီကာပါ တွဲလာနိုင်ခြေရှိနေတော့ ကြိုတင်ကာကွယ်ရေးတွေ၊ ခြင်နှိမ်နင်းရေးတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေကို ပိုလုပ်ဖို့လိုပါတယ်။ ကူးစက်နိုင်မှု ရာခိုင်နှုန်းက အတိအကျပြောလို့ မရနိုင်ပေမယ့် ကျွန်မတို့နိုင်ငံမှာ အေးဒီးစ်ခြင်က တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတယ်။ ဒီတော့ ကူးနိုင်ခြေရှိတယ်။ ဇီကာက သွေးလွန်တုပ်ကွေးလောက် မပြင်းဘူး။ သေလည်းမသေဘူးဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေကတစ်ဆင့် မွေးလာတဲ့ကလေးတွေမှာ ဦးနှောက်သေးတာ၊ ဦးနှောက်မပါတာတွေ ဖြစ်တာပါ။ ဇီကာဗိုင်းရပ်စ် မဖြစ်ချင်ရင် သွေးလွန်တုပ်ကွေးခြင်ကို အဓိက နှိမ်နင်းနိုင်မှသာ ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်တွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ်တွေ များများလုပ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါနှိမ်နင်းရေး စီမံချက်မန်နေဂျာ ဒေါက်တာခင်နန်းလုံက ပြောကြားသည်။မြန်မာနိုင်ငံသည် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိနေသည့်နိုင်ငံများတွင် ပါဝင်ကြောင်းနှင့် တုပ်ကွေးရောဂါများကို ကူးစက်စေတတ်သော ရေသေရေသန့်တွင်နေသည့် အေးဒီးစ် ခြင်ကို နှိမ်နင်းခြင်းဖြင့် အဆိုပါရောဂါများကို ကာကွယ်နိုင်ကြောင်းလည်း သိရသည်။ဇီကာဗိုင်းရပ်စ်ကို ၁၉၄၀ ပြည့်နှစ် ကတည်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခြင်ကတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း၊ လူမှလူသို့ ကူးစက်မှုမရှိကြောင်း၊ ကူးစက်ခံရပါက တုပ်ကွေးကဲ့သို့ ခံစားရပြီး ဖျားခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်းများအပြင် မိခင်လောင်းများတွင် ပိုးကူးစက်ခံထားရပါက ကလေးတွင် ရောဂါရနိုင်ကြောင်းနှင့် အေးဒီးစ်ခြင်မှတစ်ဆင့် သွေးလွန်တုပ်ကွေး၊ အဝါရောင် အဖျားရောဂါ၊ ဇီကာအဖျားရောဂါ၊ ခြင်ကြောင့်ဖြစ်သည့် တုပ်ကွေးရောဂါများကို ကူးစက်စေနိုင်ကြောင်းလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။အဆိုပါခြင်သည် နေဝင်ချိန်နှင့် နံနက်စောစောပိုင်းအချိန်များတွင် ကိုက်တတ်ပြီး အခန်းတွင်း၊ အိမ်တွင်းနှင့် အရိပ်ရှိရာနေရာများတွင် နေထိုင်တတ်ကြောင်း၊ ရေသေရေငြိမ်တွင် ပေါက်ဖွားနိုင်ပြီး သွေးလွန်တုပ်ကွေးကဲ့သို့ ပန်းအိုး၊ အဖုံးမပါသည့် ရေထည့်ထားသည့် နေရာများတွင် ပေါက်ဖွားကြောင်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများကို မိမိတို့အိမ်တွင်းအိမ်ပြင်၌ လုပ်ဆောင်ကြရန် ကျန်းမာရေးဌာနများမှ တိုက်တွန်းထားကြောင်းလည်း သိရသည်။ယခုအချိန်အထိ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးနှင့် ကုသရန်ဆေးများ မရှိသေးသည့်အပြင် ခြင်ကိုက်မခံရအောင် ရှောင်ရှားရုံမှတစ်ပါး ကာကွယ်ရန် နည်းလမ်းလည်းမရှိသေးကြောင်း နိုင်ငံတကာမီဒီယာ များတွင် ဖော်ပြထားချက်အရ သိရသည်။ 

Most Read

Most Recent