လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို နေခါန်စီဌာနမရတ် အကျဉ်းထောင်မှ ဘန်ခဝန် အကျဉ်းထောင်သို့ ပြောင်းရွှေ့

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို နေခါန်စီဌာနမရတ် အကျဉ်းထောင်မှ ဘန်ခဝန် အကျဉ်းထောင်သို့ ပြောင်းရွှေ့
Published 28 January 2016
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို နေခါန်စီဌာနမရတ် အကျဉ်းထောင်မှ ဘန်ကောက်မြို့အနီးရှိ ဘန်ခဝန် အကျဉ်းထောင်သို့ ဇန်နဝါရီ ၂၇ ရက်က ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိသည်။
ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို သေဒဏ် ချမှတ်ပြီးနောက် ကော့စမွီအကျဉ်းထောင်မှတစ်ဆင့် အလှမ်းဝေးသည့် နေခါန်စီဌာနမရတ် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သဖြင့် မြန်မာသံရုံး အထူးအဖွဲ့နှင့် ထိုင်းရှေ့နေများ ကောင်စီတို့မှ ဘန်ကောက်မြို့အနီးရှိ ထောင်သို့ပြောင်းရွှေ့ပေးရန် ပြီးခဲ့သည့်လက တောင်းဆိုခဲ့ဖူးပြီး ဇန်နဝါရီ ၂၇ ရက်က ထိုင်းအာဏာပိုင်များမှ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။
၎င်းက “ကျွန်တော်တို့ ဒီနေ့ထောင်ကို သွားတွေ့တော့ ထောင်က ပြောလိုက်ပါတယ်။ မနေ့က ဘန်ကောက်မြို့နားမှာရှိတဲ့ နွန်ထပူရီခရိုင်၊ ဘန်ခဝန်အကျဉ်းထောင်ကို ပြောင်းလိုက်ပါတယ်။ အရင်ကတည်းက ကျွန်တော်တို့ တောင်းဆိုထားတာ ရှိပါတယ်။ ဘန်ကောက်မှာရှိတဲ့ တရားရုံးမှာ အယူခံတက်ရင် အဆင်ပြေအောင် ဘန်ကောက်နားကို ပြောင်းပေးဖို့ ပြောထားတာရှိပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေအတွက်လည်း အဆင်ပြေသလို ကျွန်တော်တို့သံရုံးအဖွဲ့တွေ၊ ရှေ့နေအဖွဲ့တွေအတွက် သွားတွေ့ရာမှာလည်း အဆင်ပြေပါ တယ်။အရင် နေခါန်စီဌာမရတ်ထောင်ဆိုရင် ကီလိုမီတာ ၈၀၀ လောက်သွားရတာပါ။ အခု ပြောင်းလိုက်တဲ့ထောင်ဆိုရင် ကားမပိတ်ဘူးဆိုရင် တစ်နာရီကျော်လောက်ပဲ မောင်းရတာပါ”ဟု ဇန်နဝါရီ ၂၈ ရက်က ပြောကြားသည်။
ထို့အပြင် သေဒဏ် ပြစ်ဒဏ်မှ အယူခံ တက်ရောက်ရန်အတွက် ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံး အထူးအဖွဲ့တို့အနေဖြင့် အသေးစိတ် ပြင်ဆင်နေပြီး လာမည့် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင် အယူခံတက်ရောက်ရန် စီစဉ်ထားသည်ဟုလည်း ဦးအောင်မျိုးသန့်က ဆက်လက်ပြောကြားသည်။
လူသတ်မှုနှင့်ပတ်သက်ပြီး အမှုတည်ဆောက်ရာတွင် အငြင်းပွားဖွယ် ဆောင်ရွက်ချက်များ ရှိခဲ့သော်လည်း မြန်မာနှစ်ဦးမှာ လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် အမှုပေါင်း ခုနစ်မှုတို့ဖြင့် ကော့စမွီ ခရိုင်တရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မျက်မြင်သက်သေ အပါအဝင် အထောက်အထား မခိုင်လုံဘဲ သေဒဏ်ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှု မရှိဟုဆိုကာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာရှိ မြန်မာများက တရားမျှတမှု ရရှိရေးအတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။        
                                            

Most Read

Most Recent