စိုးရိမ်ထိတ်လန့်နေသော ဥရောပက ဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ကျဆုံးခန်းကို ရင်ဆိုင်နေရ

စိုးရိမ်ထိတ်လန့်နေသော ဥရောပက ဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ကျဆုံးခန်းကို ရင်ဆိုင်နေရ
Published 24 January 2016

ဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာမှု အကျပ်အတည်းကို ညီညွှတ်စွာ ချိန်ညှိဖြေရှင်းနိုင်ရန်အတွက် ဥရောပသည် အချိန်နည်းနေပြီဖြစ်ကြောင်း ဒါးဗို့စ်တွင် ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ထိပ်တန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဥရောပသို့ ရွှေ့ပြောင်းအခြေချများ အလုံးအရင်းဖြင့် ဆက်လက်ဝင်ရောက်နေမှုသည် ဆွစ်ဇာလန် စကိတ်စီး အပန်းဖြေစခန်းတွင် ကျင်းပနေသော ယင်းဖိုရမ်၌ ထိပ်သီးအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး ပိုမိုရင့်ကျက်လာသော ဥရောပသည် ယင်းအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန်မှသည် ဖြစ်လာလတ္တံ အကျပ်အတည်းကို ပြင်းပြင်းထန်ထန် သတိပေးခြင်းအထိ သဘောထားမှတ်ချက်များစွာ ထွက်ပေါ်ခဲ့သည်။“ခိုင်မာတဲ့ နည်းလမ်းတွေ ရွေးချယ်ဖို့ ကျွန်တော်တို့မှာ သီတင်းပတ် အနည်းငယ်ပဲ အချိန်ရတော့တယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့တွေ တစ်နိုင်ငံချင်းစီ အဖြေရှာရတော့မယ်။ အဲဒါကပဲ တဖြည်းဖြည်း ပျက်စီးမှုဆီကို ဦးတည်တဲ့ နိဒါန်း ဖြစ်လာနိုင်တယ်” ဟု ပြင်သစ်စီးပွားရေးဝန်ကြီး အီမန်နျူရယ် မက်ခရွန်က ယင်းဖိုရမ်တွင် ဘီလျံနာများနှင့် စီးပွားရေးခေါင်းဆောင်များကို ပြောကြားခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ဂရိကြွေးမြီ ပြဿနာ၊ ယူကရိန်းကို ထိပါးခဲ့သော ရုရှားနှင့် ထိပ်တိုက်တွေ့မှုတို့ကို ကြုံခဲ့ရပြီးနောက် ဥရောပ သမဂ္ဂသည် စစ်ဘေးသင့် ဆီးရီးယားနှင့် အီရတ်တို့မှ အဆုံးမသတ်နိုင်သေးသော ဒုက္ခသည်များ ဝင်ရောက်သော ဖြစ်လာဆဲဆဲ နောက်ထပ် အကျပ်အတည်းကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ဇန်နဝါရီ ၂၂ ရက်က တူရကီနှင့် ဂရိကမ်းရိုးတန်း အလွန်တွင် ရွှေ့ပြောင်းအခြေချ ၄၄ ဦးထက် မနည်း ရေနစ်သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်မှုက ပုံမှန်အားဖြင့် အကောင်းမြင်မှုများနှင့် တက်ကြွခဲ့ရသည့် ဒါးဗို့စ်ဖိုရမ်ကို အရိပ်လွှမ်းမိုးနေခဲ့သည်။ ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန်အတွက် ဥရောပသည် သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အထိသာ အချိန်ရတော့သည်ဟု ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရပ်တီက သတိပေးခဲ့ပြီးနောက် မက်ခရွန်၏ စိတ်ဓာတ်ကျစရာကောင်းသော အကဲဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။“နွေဦးဝင်ရင် အဲဒီအရေအတွက် လေးဆ ပိုများလာမယ်။ ဥရောပ အနေနဲ့ အဲဒီ အရေအတွက်ကို အချိန်အကြာကြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး” ဟု ရပ်တီက သတိပေးထားခြင်းဖြစ်သည်။ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဝီးတော့ဝါဇက်ဇီကော့စကီးက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော ယူကရိန်းမှ ရွှေ့ပြောင်းအခြေချများသည် ပိုလန်သို့ ဝင်ရောက်နေမှုကို အဖွဲ့ဝင် ဥရောပနိုင်ငံများက လျစ်လျူပြုထားကြောင်း ပြောကြားခဲ့သည်။ “အဲဒီ ပဋိပက္ခကို ကျွန်တော်တို့ချည်းပဲ ကိုင်တွယ်နေရတယ်” ဟု ဥရောပကို သံသယရှိနေသည့် ၎င်းက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပြဿနာ များ ကြုံနေရသော်လည်း ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်များသည် ယခုအခါ ဘေးကင်းနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ဥရောပသမဂ္ဂ ပြည်ပမူဝါဒရေးရာ အကြီးအကဲ ဖက်ဒရစ်ကာမိုဂရီနီက ဒုက္ခသည်များ၏ အရေးကို တုံ့ပြန်ရန် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချို့က တောင်းဆိုခဲ့ကြောင်း၊ ၎င်းတို့ တောင်းဆိုသည့်အတိုင်း တုံ့ပြန်ဆောင်ရွက်သောအခါ ယင်းနိုင်ငံများက ဟန့်တားသည့် သံသရာလည်နေမှု အန္တရာယ် ကြုံနေရကြောင်း ပြောကြားခဲ့ပြီး ဒုက္ခသည်များ အကျပ်အတည်းကို ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အသုံးချမှုများအား ၎င်းက သတိပေးခဲ့သည်။ဥရောပသို့ ဝင်ရောက်လာသော ယင်းဒုက္ခသည်များသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ဖြစ်စေရန်အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်ကြောင်း၊ ၎င်းတို့ကြောင့် မိမိတို့၏ လူမှုဝန်းကျင် ပြောင်းလဲသွားနိုင်ကြောင်း၊ သို့သော် ပြောရန် စောလွန်းနေသေးကြောင်း သြဇာကြီး ဥရောပသမဂ္ဂ ဗဟိုဘဏ်ဥက္ကဋ္ဌ မာရီယိုဒရက်ဟီက ဆိုသည်။တစ်ချိန်က ဒုက္ခသည်ဖြစ်ဖူးပြီး အသက် ၈၅ နှစ်ရှိပြီဖြစ်သော ဘဏ္ဍာရေး လုပ်ငန်းရှင် ဂျော့ဆိုးရော့စ်က ရွှေ့ပြောင်းအခြေချများ၏ ယင်းကဲ့သို့ အစုလိုက် အပြုံလိုက် ဝင်ရောက်မှုများကြောင့် နိုင်ငံများသည် ဒုက္ခသည်များကို သဟဇာတ ဖြစ်လာစေရန် သို့မဟုတ် ပေါင်းစပ်မှု ဖြစ်လာစေရန်အတွက် လုပ်ဆောင်နိုင်စွမ်း ကျဆင်းစေခဲ့သည့် အနေအထား တစ်ရပ်ကို ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သတိပေးခဲ့သည်။သို့သော် ဥရောပ၏ အလားအလာရှိသော ဘောဂဗေဒပညာရှင် တစ်ဦးဖြစ်သူ ဟယ်လင်နီရေးက “အဲဒါက အခွင့်အရေး တစ်ခုပဲ။ ဒုက္ခသည်တွေ တန်းတူရည်တူ ဖြစ်လာအောင် ကျွန်တော်တို့တွေ ရင်းနှီးမြှုပ်နှံရမယ်။ အဲဒီ ရင်းနှီးမြှုပ်နံှမှုတွေကနေ ခင်ဗျား ပြန်ပြီး အကျိုးကျေးဇူး ပြန်ရမယ်။ အရမ်းနောက်မကျသေးဘူး” ဟု ဆိုသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ၎င်း၏အမြင်ကို ထင်ဟပ်စေသော အစီရင်ခံစာကို ဒါးဗို့စ်တွင် အချိန်ကိုက် ထုတ်ပြန်ခဲ့သည်။ ရေရှည်တွင် စီးပွားရေးဆိုင်ရာ သက်ရောက်မှုသည် ဒုက္ခသည်များကို အလုပ်သမား ဈေးကွက်ထဲသို့ ပေါင်းစည်းနိုင်မှု အရှိန်အဟုန်ကို မူတည်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ဒါးဗို့စ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဒုက္ခသည်များအား ကူညီမှုကို ကုလသမဂ္ဂက ရန်ပုံငွေ ရာခိုင်နှုန်း ၃၀ တိုးမြှင့်ပေးရန် တိုက်တွန်းခဲ့ရာ ၂၀၁၅ ခုနှစ်တွင် အကူအညီပေးမှုသည် ဒေါ်လာ ၁၀ ဘီလျံမှ ယခုနှစ်တွင် ဒေါ်လာ ၁၃ ဘီလျံအထိ မြင့်တက်လာမည်ဟု နိုင်ငံခြားရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားကလည်း နယူးယောက်တွင် ယခုနှစ်ကုန်ပိုင်း၌ ကုလအထွေထွေ ညီလာခံတွင် ဒုက္ခသည်များဆိုင်ရာ ထိပ်သီးကို ကျင်းပမည်ဟု ကယ်ရီက ပြောကြားခဲ့သည်။ဥရောပသည် အာဖရိက ရင်ဆိုင်နေရသော ပြဿနာများကို မြည်းစမ်းရရုံမျှသာ ရှိသေးကြောင်း၊ ယင်းသည် ဥရောပအတွက် အသစ်အဆန်း ဖြစ်နေသော်လည်း ကမ္ဘာပေါ်ရှိ ကျန်ရှိသော နေရာများအတွက်မူ အသစ်အဆန်း မဟုတ်ကြောင်း ဆိုမာလီယာနှင့် ဆူဒန်တို့မှ ဒုက္ခသည်များကို ဆယ်စုနှစ်နှင့်ချီ လက်ခံထားခဲ့ရသော ကင်ညာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး အမီနာမိုဟာမက်က ပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent