ထိုင်းနိုင်ငံသို့ MoU ဖြင့် အလုပ်သမား စေလွှတ်မှု နှစ်ကုန်ပိုင်းက ရပ်နားခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်မှစ၍ မြန်မာအလုပ်သမား အများအပြား ပို့ဆောင်နေ

ထိုင်းနိုင်ငံသို့ MoU ဖြင့် အလုပ်သမား စေလွှတ်မှု နှစ်ကုန်ပိုင်းက ရပ်နားခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်မှစ၍ မြန်မာအလုပ်သမား အများအပြား ပို့ဆောင်နေ
Published 14 January 2016
ကိုရွှေသိန်း

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံသို့  MoU အလုပ်သမား စေလွှတ်မှု ရပ်နားခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ စတင်ကာ မြန်မာအလုပ်သမား အများအပြားအား မြဝတီ-မဲဆောက်လမ်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
“ဇန်နဝါရီ ၇ ရက်ကစပြီး အလုပ်သမားဟောင်းတွေကို စေလွှတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာတော့ အေဂျင်စီလေး၊ ငါးခုကနေ အလုပ်သမား သုံးရာကျော် စေလွှတ်ခဲ့ပါတယ်။ မြဝတီ ချစ်ကြည်ရေးတံတားမှာ ကြည့်ရင်တော့ ထိုင်းနိုင်ငံဘက်ကနေ ကုန်းပစ္စည်းတွေကို မြန်မာနိုင်ငံဘက် အလုံးအရင်းနဲ့ တင်သွင်းလာပြီး မြန်မာနိုင်ငံဘက်ကတော့ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်တဲ့ အရွယ်ကောင်း လူငယ်တွေကို ထိုင်းဘက် အလုံးအရင်းနဲ့ တင်ပို့တာ တွေ့လာရပါတယ်” ဟု မြဝတီ ချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။
ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရှားပါခြင်းနှင့် လုပ်အားခလစာ နည်ပါးခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ၂၀၁၅ ခုနှစ်အတွင်း MoU ဖြင့်သွားရောက်လုပ်ကိုင်သူ ၅၂၀၀၀ ကျော်ရှိသည့် အတွက် ၃၁၈၂၈ ဦး သွားရောက်လုပ်ကိုင်ခဲ့သည့် ၂၀၁၄ ခုနှစ်က ထက် တစ်ဆ နီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ထိုင်းနိုင်ငံသို့ MoU ဖြင့် လုပ်သားစေလွှတ်မှု ဆိုင်းငံ့ထားခဲ့သော်လည်း  ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံအတွင်း လက်ရှိ လုပ်ကိုင်နေပြီး သက်တမ်းလွန် စာအုပ်ကိုင်ဆောင်ထားသူများကို MoU ဖြင့် ပြန်လည် ပို့ဆောင်ပေးနေသလို အလုပ်သမား သစ်များကိုလည်း စေလွှတ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံသားများအား အလုပ်သမားများအဖြစ် MoU ထိုးပြီး အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားခဲ့ပြီး ထိုင်းနိုင်ငံအတွင်း၌ အလုပ်မရခြင်း၊ စာချုပ်ပါအတိုင်း လုပ်ငန်းခွင်သို့ ပို့ဆောင်ခြင်း မရှိသောကြောင့် မိခင်မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ အများအပြား ရှိကြောင်း သိရသည်။
MoU ထိုးပြီး သွားရောက်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်မရခြင်း၊ စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်ခြင်းကြောင့် နေရပ်သို့ ပြန်ပို့ခံနေရသူ များပြားသော်လည်း အလုပ်သမား အလုပ်အကိုင် အေဂျင်စီများနှင့် နိုင်ငံတော် တာဝန်ရှိသူများ ဖြေရှင်းပေးခြင်း စစ်ဆေးခြင်းများမရှိ၍ MoU ထိုးပြီး လုပ်သားစေလွှတ်ခြင်းမှာ တရားဝင် လူကုန်ကူးခြင်းသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိင်ငံသားများ အသင်း (MAT) မှ ဒါရိုက်တာ ဦကျော်သောင်းက ပြောကြားသည်။
ထို့အပြင် အလုပ်သမား စေလွှတ်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ငွေကြေး တစ်သိန်း ငါးသောင်းသာ သတ်မှတ်ထားသော်လည်း အေဂျင်စီ၊ ပွဲစားများအား သုံးသိန်းလေးသိန်း ပေးဆောင်နေရသည့်အတွက် မရှိဆင်းရဲသား ပြည်သူများ နစ်နာသလို အထွေထွေစရိတ်နှင့် ဆိုလျှင် ကျပ် ၁၀ သိန်းခန့် ကုန်ကျခံပြီး ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သော်လည်း အလုပ်အကိုင် ရရှိ ခြင်းမရှိဘဲ ပြန်လာရလျှင် တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိကြောင်းလည်း သိရသည်။
“ကျွန်တော် ထိုင်းရောက် အလုပ်သမားတွေ၊ အခက်အခဲနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌထံသို့ စာပို့ခဲ့ပြီးပါပြီ၊ ဘာမှမထူးခဲ့ဘူး။  အလုပ်မရလို့၊ စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်လို့ ပြန်လာတာ အနည်းစုပါပဲ၊ နောက်လူတွေ ဘယ်ကိုရောက်သွားလဲ။ တစ်ယောက်မှ တာဝန်ယူ စစ်ဆေးတာမရှိဘူး။ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ငွေရလိုမှု တစ်ခုတည်းနဲ့ ဆောင်ရွက်နေတယ်။တရားဝင်လမ်းကြောင်းက လူကုန်ကူးနေတယ်လို့ ပြောချင်ပါတယ်”ဟု ဦးကျော်သောင်းက ပြောကြားသည်။                

Most Read

Most Recent