အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များ စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ချေးငွေရယူခွင့် လျှောက်ထားသော်လည်း အချို့မှာ မရရှိသေးသဖြင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲ ဖြစ်နေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆန်စက် လုပ်ငန်းရှင်အသင်းဥက္ကဌ ဦးကျော်အေးက ဆိုသည်။
“ချေးငွေက ၂၀၁၅ ရှစ်လပိုင်း လောက်ကတည်းက စက်မှုဝန်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ မိတ္ထီလာ SMIDB ဘဏ်ကို တင်ပြထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ချေးငွေမရတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ အရင်က ပြင်ပဘဏ်တွေမှာ အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ တစ်နှစ်ပဲ ချေးယူလို့ရတာပါ။ အခုအစိုးရက စက်မှုလုပ်ငန်းရှင်တွေအတွက်ဆိုပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ပြည်နယ်အလိုက် ချေးငွေတွေ ချပေးတာပါ။အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ သုံးနှစ် ချေးခွင့်ရမယ်ဆိုလို့ ပြင်ပဘဏ်မှာ မချေးတော့ပဲ ဒီဘဏ်မှာပဲလာပြီး ချေးငွေတင်တာပါ”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ပြီးခဲ့သည့် ၂၀၁၄ ဇူလိုင်လ အတွင်းကလည်း ရှမ်းပြည်နယ်ရှိ စက်မှုလုပ်ငန်းရှင်ပေါင်း ၅၀ ကျော် ချေးငွေရယူခွင့် လျှောက်ထားရာ အများစုမှာ ဂရန်မရှိခြင်းကြောင့် စက်မှုလုပ်ငန်းရှင် ၁၀ ဦးသာ ချေးငွေ ရရှိခဲ့ကြောင်း သိရသည်။
၂၀၁၅ဘဏ္ဍာနှစ်အတွက် ချေးငွေရယူခွင့် လျှောက်ထားရာတွင်လည်း ယခင်ဘဏ္ဍာနှစ်က ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ပြီး ချေးငွေ ထုတ်ချေးရခြင်း မရှိသေးသည့် စက်မှုလုပ်ငန်းရှင်များ ကျန်ရှိနေခြင်း ယင်းတို့ကို ဦးစွာထုတ်ပေးပြီးမှ ယခုဘဏ္ဍာနှစ်တွင် လျှောက်ထားလာသည့် လုပ်ငန်းရှင်များ၏ ချေးငွေရယူခွင့်ကို ဆောင်ရွက်သွားမည်ဟု အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောကြားခဲ့ကြောင်း ချေးငွေရယူခွင့် လျှောက်ထားသူတစ်ဦးက ဆိုသည်။
“စက်မှုဝန်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ ဒီဘဏ္ဍာနှစ်မှာ လျှောက်ထားသူ ၃၆ ဦး ရှိပါတယ်။ အဲဒီအထဲမှာ ၁၀ ဦးက ချေးငွေသိန်း ၂၀၀ ရတယ်။ စက်မှုလုပ်ငန်းရှင် ၂၆ ဦး က မရပါဘူး။ အဓိကတော့ ပိုင်ဆိုင်မှုဂရ န်နဲ့ စက်မှုဝန်ကြီးဌာနရဲ့ မှတ်ပုံတင်ရှိရင် ချေးယူခွင့် လျှောက်လို့ရပါတယ်။ ဂရန်မရှိဘူးဆိုရင် ဘိုဘွားပိုင်မြေ ဖြစ်တဲ့အကြောင်း ပိုင်ဆိုင်မှု အထောက်အထား၊ စာချုပ်စာတမ်းတွေ ပြနိုင်ရင် ထုတ်ချေးပါတယ်။ စက်မှုဝန်ကြီးဌာနက သိန်း ၁၀၀၀အထိ ချေးငွေရယူခွင့်အတွက် ထောက်ခံပေးပေမဲ့ သိန်း ၂၀၀ စီပဲ ရကြပါတယ်”ဟု စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးညီညီအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ချေးငွေများကို အကြီးစား စက်မှုလုပ်ငန်း ဖြစ်ပါက သိန်း ၁၀၀၀၊ အလတ်စား စက်မှုလုပ်ငန်း ဖြစ်ပါက သိန်း ၅၀၀ စသည်ဖြင့် အသီးသီး ချေးယူခွင့် လျှောက်ထားကြသော်လည်း လျှောက်ထားသော ငွေပမာဏအောက် လျော့ကျရရှိသောကြောင့် ချေးငွေ ထုတ်ယူခြင်း မရှိသည့် စက်မှုလုပ်ငန်းရှင်များ ရှိကြောင်း သိရသည်။
အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်များ စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ချေးငွေလျှောက်ထားသော်လည်း အချို့မှာ မရရှိသေးသဖြင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်နေ















