မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများကို အချိန်မီ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တောင်သူများ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ခြင်းကြောင့် ရွှေဘိုနယ်မှ လယ်သမားများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ကြောင်း သိရသည်။
လယ်ယာမြေဥပဒေ ပုဒ်မ ၁၇(ဃ)အရ ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် လွန်ခဲ့သော နှစ်နှစ်ခန့်ကချေးငွေကိုပင် ပြန်မဆပ်နိုင်သော တောင်သူများစွာ ကျန်ရှိနေသေးကြောင်း ရွှေဘိုမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒါကညွှန်ကြားချက်အရ ထုတ်ပြန်ရတာပါ။ လောလောဆယ် အရေးယူဖို့မရှိပါဘူး။ ချေးငွေပြန်မဆပ်နိုင်တဲ့ တောင်သူတွေ တော်တော်များများ ကျန်နေပါသေးတယ်”ဟု မြို့နယ် ဘဏ်မန်နေဂျာကဆိုသည်။
ရာသီဖောက်ပြန်မှုနှင့် အဘက်ဘက်မှ ကျပ်တည်းမှုများကို လေးနှစ်ဆက်တိုက် ကြုံတွေ့နေရသော ရွှေဘိုနယ်တစ်ဝိုက်မှ တောင်သူများကမူ ထိုထုတ်ပြန်ချက်အတိုင်းဆိုလျှင် လယ်ယာ လုပ်ပိုင်ခွင့်ဆုံးရှုံးမည့် တောင်သူများမှာ အနည်းဆုံး ရာခိုင်နှုန်း ၃၀ ခန့် ရှိလိမ့်မည်ဖြစ်ကြောင်းနှင့် ချေးငွေ လုပ်ထုံးလုပ်နည်းများကို အစိုးရသစ် လက်ထက်တွင် တောင်သူများ၏ ပကတိ အခြေအနေကိုကြည့်ကာ ပြင်ဆင်ပေးစေလိုကြောင်း ဆိုကြသည်။
“အစိုးရအတိုးနှုန်းက တစ်နှစ်ကို ငါးရာခိုင်နှုန်း အတိုးနဲ့ဆိုတော့ သက်သာပါတယ်။ ဒါပေမဲ့ ချေးငွေပမာဏက လုံလောက်မှုမရှိသလို ချေးငွေပေးတဲ့ ကာလကလည်း စိုက်ပျိုးရာသီခွင်နဲ့ ကိုက်ညီမှုမရှိပါဘူး။ အခု ထုတ်ပြန်ချက်မှာ သတ်မှတ်ချိန်အမီ ချေးငွေပြန်မဆပ်နိုင်ရင် လယ်ယာလုပ်ပိုင်ခွင့် သိမ်းမယ်ဆိုတာတော့ ဘယ်လိုမှမဖြစ်သင့်ပါဘူး။ အဆင်မပြေလို့ မဆပ်နိုင်သူတွေကို ဒီလိုလုပ်တာ ဥပဒေအရဆိုရင်လည်း အဲဒီဥပဒေကို အစိုးရသစ်လက်ထက်မှာ ပြင်သင့်ပါတယ်”ဟု ဇေယျသိင်္ဃတောင်သူ ကွန်ရက်မှ တောင်သူတစ်ဦးကဆိုသည်။
ရွှေဘိုမြို့နယ် တစ်ခုတည်းတွင်ပင် လွန်ခဲ့သော နှစ်နှစ်ခန့်က ချေးငွေပြန်ဆပ်ရန် ကျန်ငွေ ကျပ်သိန်းထောင်ချီရှိနေပြီး ချေးငွေကျန်ခြင်း၏ အဓိကပြဿနာမှာ ဆစ်ပိုးများကျဆင်းခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးရေလျှံဖြစ်ဖြင်း၊ စပါးထွက်နှုန်း အလွန်အမင်း ကျဆင်းလာခြင်းနှင့် လယ်ယာလုပ်သားရှားပါးမှု၊ ကုန်ကျစရိတ် ကြီးမြင့်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း တောင်သူများကပြောကြားသည်။
“အခုနှစ်ပိုင်းတွေမှာ တောင်သူအများစုက ကျပ်တည်းနေကြတယ်။ ဒါပေမဲ့ အစိုးရ ချေးငွေကိုတော့ အများစုက မဖြစ်မနေ ပြန်ဆပ်ကြတာပါပဲ။ မဆပ်လို့မှမရတာ။ တချို့ ပြန်မဆပ်နိုင်တဲ့သူတွေက တကယ်ကို အဆင်မပြေလို့။ ချေးငွေပြန်ဆပ်ချိန် နောက်ကျတဲ့သူတွေက အတိုးဒဏ်ကြေးလည်း ပေးနေရတာပဲလေ။ လယ်ယာလုပ်ပိုင်ခွင့် သိမ်းမယ်ဆိုတာ ဒဏ်ကြေးဆောင်ရတဲ့သူတွေ ပါလား၊ မပါလား မသဲကွဲဘူး”ဟု လိပ်ချင်းကျေးရွာ တောင်သူတစ်ဦးကဆိုသည်။
လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေစနစ်ကို ပြီးခဲ့သည့်နှစ်မှ စတင်ကာ အတိုးနှုန်း ရှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့ လျှော့ချခဲ့ကာ ဝိုင်းကြီးချုပ်စနစ်ကို ၁၀ ဦးမှ သုံးဦးသို့ ပြောင်းလဲခဲ့ကြောင်းနှင့် လယ်ယာမြေဥပဒေများအရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရွှေဘိုနယ်တွင် လက်ရှိအချိန်၌ မိုးစပါး စတင်ရိတ်သိမ်းလျက်ရှိပြီး ဆောင်းသီးနှံချေးငွေမှာ မိုးစပါးချေးငွေ ပမာဏ၏ သုံးရာခိုင်နှုန်း မှ ငါးရာခိုင်နှုန်းသာ ရှိခြင်းကြောင့် တောင်သူများစွာမှာ အစိုးရချေးငွေ မရရှိဘဲ ပြင်ပမှ အတိုးကြီးဖြင့် ချေးယူ စိုက်ပျိုးနေရကြောင်း သိရသည်။
စိုက်ပျိုးရေးချေးငွေများ အချိန်မီ ပြန်မဆပ်နိုင်ပါက လယ်ယာလုပ်ပိုင်ခွင့် ရုပ်သိမ်းမည်ဆိုသည့် ထုတ်ပြန်ချက်ကြောင့် ရွှေဘိုနယ်တစ်ဝိုက်မှ လယ်သမားများ အခက်ကြုံဖွယ်ရှိနေ















