မင်္ဂလာဈေး မီးလောင်မှုမှာ ဝိုင်ယာရှော့ခ်ကြောင့် မီးလောင်ခြင်းဖြစ်ပြီး ဆိုင်ခန်း ပေါင်း ၁၆၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်သိန်းသုံးသောင်း ကျော်ရှိကြောင်း မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်း"တတိယ၊ စတုတ္ထ၊ ပဉ္စမ အကုန်လုံး မီးလောင်တယ်။ အောက်ကဟာတွေကတော့ လွတ်တယ်။ လောင်တာက ၁၆၃၆ ခန်း ရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးက သိန်းပေါင်း သုံးသောင်းကျော်တယ်။ မီးငြှိမ်းသတ်ရင်း မီးသတ်က တပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။ သုံးထပ်က နံရံက သူ့ပေါ်ကို ကွာကျတယ်။ ညာဘက်ဒူးခေါင်းအောက်က အရိုးအက်တယ်။ ညာဘက် မျက်နှာ ညိုမည်းသွားတယ်။ ရန်ကုန်ဆေးရုံကြီးမှာ အပြင်လူနာ အနေနဲ့ပဲ ကုသနေတယ်" ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ မြို့နယ်ရဲမှူး ဦးသိန်းအောင်က ပြောကြားသည်။
ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမီးလောင်ရသည့် အကြောင်းရင်းမှာ လေးလွှာတွင်ရှိသည့် ဆိုင်အမှတ် ၄၅၁ တွင် လိပ်ဆွဲတံခါး တပ်စင်ရန် ဆိုင်ရှင်ဖြစ်သူ ဦးလှဝင်းမှ ဦးအောင်ဘွားနှင့် ၎င်း၏ အလုပ်သမားများဖြစ်သော မင်းသိန်းခေါ် မှတ်ကြီး၊ အောင်အောင်၊ ညွန့်ဝင်းနှင့် ကိုချမ်းတို့ကို အလုပ်အပ်နှံခဲ့ကြောင်း ဇန်နဝါရီ ၈ ရက် ညပိုင်းတွင် လုပ်ငန်းစတင်ရန် မင်္ဂလာဈေးဝင်းအတွင်း ပြုလုပ်သော သီတဂူ ဆရာတော် တရားပွဲပြီးမှ ခွင့်ပြုထားသော်လည်း မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦး (ခေါ်) ဖိုးကျော်က တရားပွဲ မပြီးခင် ည ၁၀ နာရီခန့်တွင် လုပ်ငန်းလုပ်ကိုင်နိုင်ရန် လျှပ်စစ်မီးဖွင့်ပေးခဲ့ကြောင်း၊ အဆိုပါဆိုင်သို့ ဝင်ရောက် အလုပ်လုပ်ကိုင်ရာမှ လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုမိသဖြင့် ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့"မီးညွန့်ကိုတော့ ၆ နာရီလောက်မှာ ထိန်းနိုင်ခဲ့တယ်။ ၇ နာရီလောက်မှာ မီးအားလုံး ငြိမ်းသွားပြီဆိုပေမယ့် ညနေ ၄ နာရီ လောက်အထိ မီးခိုးတွေ ထွက်နေလို့ မီးသတ်ယာဉ်တွေနဲ့ မီးသတ်နေရတုန်းပဲ။ ဒီဈေးက အရင်ကလည်း မီးလောင်ဖူးတယ်။ အဲဒီလို မီးလောင်ထားလို့ အဆောက်အအုံကို ပြန်လည်ပြင်ဆင်တဲ့ နေရာမှာ အရေးပေါ် လှေကားတွေ ထည့်သွင်းတာကလွဲပြီး မီးဘေး အန္တရာယ် ကာကွယ်ဖို့အတွက် သေသေချာချာ ဆောက်လုပ်ထားတာတွေ မရှိဘူး။ ဒီမှာက အထပ်မြင့် တိုက်အဆောက်အအုံတွေ မီးသတ်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ မပြည့်တဲ့အတွက် မီးလောင်ရင် အပျက်အစီး ဆုံးရှုံးက များတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ဦးတင်အေးက ပြောကြားသည်။
ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီမီးလောင်ကျွမ်းခဲ့သည့် အထပ်များဖြစ်သည့် တတိယလွှာတွင် အခန်းပေါင်း ၇၉၁ ခန်း၊ လေးလွှာတွင် ၇၉၇ ခန်း၊ ငါးလွှာတွင် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကျွမ်းခဲ့ပြီး တတိယလွှာနှင့် လေးလွှာသည် ကုန်စုံ၊ အလှကုန်၊ မီးဖိုချောင်သုံး ပစ္စည်းနှင့် ဆေးပစ္စည်းများ ရောင်းချသည့် နေရာဖြစ်ကြောင်းလည်း သိရသည်။မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် ၅၈ စီး၊ ထောက်ကူယာဉ် ခုနစ်စီး၊ အုပ်ချုပ်မှုယာဉ် ၁၁ စီး၊ လှေကားတင်ယာဉ် လေးစီး၊ ဘောက်ဆာ ၂၇ စီး၊ မိတ်ဖက်ယာဉ် ခြောက်စီး၊ ကြက်ခြေနီကား ၁၉ စီး၊ ဝါတားတာဝါ နှစ်ခုဖြင့် လာရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီမီးစတင် လောင်ကျွမ်းချိန်သည် ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ တွင် စတင် လောင်ကျွမ်းပြီး နံနက် ၅ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ နံနက် ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းထို့ပြင် မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ လာရောက်ခဲ့ပြီး မင်္ဂလာဈေး တစ်ဝိုက်အား ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တပ်မတော် တပ်ရင်းများဖြစ်သည့် အမှတ် ၄၃၀၊ ၄၃၅၊ ၄၃၆၊ တပ်ရင်းများမှ တပ်မတော်သားများလည်း လာရောက်လုံခြုံရေး ယူပေးခဲ့သည်ကိုလည်း တွေ့ရသည်။
မင်္ဂလာဈေး မီလောင်မှုကြောင့် ယင်းဈေးဝန်းကျင် တစ်ဝိုက်နှင့် ယုဇနပလာဇာအား လုံခြုံရေးအရ ခေတ္တပိတ်ထားခဲ့ကြောင်း သိရပြီး ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ဗညားဒလလမ်းနှင့် စက်ရုံလမ်းပိုင်းကိုလည်း ယာဉ်သွားလာမှု ခေတ္တပိတ်ထားခဲ့ကာ ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပြန်လည် ဖွင့်ပေးခဲ့ကြောင်းလည်း သိရသည်။ ယင်းသို့ မီးလောင်ကျွမ်းမှုအား မီးငြှိမ်းသတ်နေသည့် မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ် ဝန်ထမ်းများအား အဆိုပါ ရပ်ကွက်နေ ပြည်သူများက လက်ဖက်ရည်၊ မုန့်များနှင့် စားစရာများကို ကျွေးမွေးခဲ့ကြသည်။
အဆိုပါ အဆင့်မြင့်မင်္ဂလာဈေးမှာ ၂၀၁၀ ပြည့်နှစ် မေ ၂၄ ရက်ကလည်း မီးလောင်ကျွမ်းခဲ့ဖူးသည်။ ထိုစဉ်က နာရီပေါင်း ၅၀ ခန့် မီးငြှိမ်းသတ်ခဲ့ရပြီး မြန်မာတစ်နိုင်ငံလုံး အတွင်းရှိ မီးလောင်မှုဖြစ်စဉ်များအနက် အချိန်အကြာမြင့်ဆုံး မီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ယခုအခေါက်မှာ ဒုတိယအကြိမ် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။















