ရေသောက်သူ ထီပေါက်ပါစေ

ရေသောက်သူ ထီပေါက်ပါစေ
Published 9 January 2016
ဘစံကောက်

ကျွန်တော်တို့ အိမ်ရှေ့မှာ ရေအိုးစင်ကလေးတစ်ခု တည်ထားပါတယ်။    ဒီလိုတည်ရတာ ဘာလဲ။ ကျွန်တော့် အိမ်က မြို့ကနေပြီး ရွာကိုပေါက်တဲ့ လမ်းကလေး တစ်ခုရဲ့ဘေးမှာ တည်ရှိနေတာဖြစ်တဲ့ အပြင် အိမ်ရှေ့လမ်းပေါ်သို့ လှမ်းကြည့်လိုက်တဲ့ အခါတိုင်း ဈေးသွားဈေးလာတွေ၊ ကျောင်းသူကျောင်းသားတွေ၊ သာသနာ့ ဝန်ထမ်းတွေ နေ့စဉ်ဖြတ်သန်း သွားလာနေကြတာကို မြင်ရဖန်များလာတဲ့အခါ သူတို့သွားရင်းလာရင်းနဲ့ ရေဆာတဲ့အခါ သောက်နိုင်ပါစေတော့လို့ စေတနာက ပေါက်လာတာနဲ့ အကြံရပြီး တည်ဖြစ်သွားတာပါပဲ။ပြီး...ကျွန်တော်တို့ အရပ်က အထက်လည်းမကျ၊ အောက်လည်းမကျ၊ အလယ်အလတ် ဒေသဆိုတော့ နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး နေကျွတ်ကျွတ် လွတ်လွတ်ထွက်ရင် ပူတာများတယ်။ အထူးသဖြင့် နေ့လယ်ပိုင်းဆို အပူရှိန်က မြင့်တက်လာတတ်ပြီး ဒီအချိန် ခန္ဓာကိုယ် လှုပ်ရှားသွားလာကြတဲ့အခါ ချွေးထွတ်ပြီး ရေဆာလာတတ်တယ်။ အဲဒီအခါ ဟိုအိမ် ဒီအိမ်ဝင်ပြီး ရေတစ်ခွက်လောက် တောင်းသောက်ဖို့ကလည်း မလွယ်ဆိုတော့ သွားရင်းလာရင်း ရေငတ်တဲ့ ဒုက္ခကလည်း မသေးလှဘူး။ ဒါ့အပြင် ကျွန်တော်တို့ လမ်းတစ်လျှောက် ကြည့်လိုက်ပြန်လည်း ရေအိုးစင်တည်တဲ့ အိမ်ရယ်လို့ တစ်အိမ်မှ မရှိတော့ လိုနေတဲ့ ကွက်လပ်ကလေးကို ဖြည့်လိုက်တဲ့ သဘောပါပဲ။ရေအိုးစင်ဆိုလို့ ကျွန်တော်တို့ သင်ခဲ့ရဖူးတဲ့ မြန်မာစကားပြေမှာ "နွေဦးကျက်သရေ" ဆိုတဲ့ ဆောင်းပါးကလေး တစ်ပုဒ် သင်ခဲ့ရဖူးသေးတယ်။ အလွန်ပူပြင်းတဲ့ အညာဒေသမှာ ရေအိုးစင် ကလေးတွေကို မြင်ရတာ အလွန်ကျက်သရေ ရှိတယ်ဆိုတဲ့ အကြောင်းရေးထားတာပါ။ တကယ်လည်း ရေအိုးစင်တည်တဲ့ ဓလေ့က မြန်မာတွေရဲ့ ယဉ်ကျေးမှုပြယုဂ် တစ်ခုပါပဲ။ ဟိုစဉ်ကတော့ နွေရောက်ပြီဆို ရေအိုးစင်ကလေးတွေကို ဟိုနေရာ ဒီနေရာမှာ ဆိုသလို တွေ့ရတတ်ပေမယ့် ခုနောက်ပိုင်းတော့ အတွေ့ရ နည်းသွားတယ်။ မြန်မာတွေက ဒါနပြုတဲ့ နေရာမှာ ရက်ရောတဲ့အပြင် ထောင့်စေ့အောင်လည်း လှူတတ်ကြတယ်။ "ဦးရာကျော်ကောင်းမှု" ဆိုတဲ့ စကားပြေ တစ်ပုဒ်မှာဆိုရင် လူတကာ သွားလာကြတဲ့ လမ်းဘေးမှာ ခရီးသွားတွေ အပန်းပြေ ခရီးသွားရင်း အဲဒီအုတ်ခုံကလေးမှာ ထိုင်ပြီး အပန်းဖြေတော့ အလှူရှင်ရဲ့ ကောင်းမှုကို သာဓုခေါ်ချင်တာနဲ့ အလှူရှင်ရဲ့ အမည်ကို အုတ်ခုံမှာ ရှာတဲ့အခါ "ဦးရာကျော်၊ အသက် (        )၊ ကောင်းမှု" ဆိုတဲ့ စာတမ်းကလေးကို သွားတွေ့တော့မှ ဒါဟာ အုတ်ခုံမည်ကာ မတ္တမဟုတ်ဘဲ ကွယ်လွန်သူ ဦးရာကျော်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ နှိမ့်ချတတ်တဲ့ စိတ်ဓာတ်၊ ကွယ်လွန်သွားပြီးသည့်တိုင် အများကောင်းကျိုးကို ဆောင်ရွက်လိုတဲ့ အမြော်အမြင်နဲ့ ကောင်းမှုကို သိမြင်ပြီး စာရေးသူက ချီးကျူး ရေးဖွဲ့ထားတာပါ။ ကျွန်တော်တို့ မြန်မာတွေက ဒါနပြုတဲ့နေရာမှာ ထောင့်စေ့တယ်လို့ ဒါကိုမြင်ပြီး ကျွန်တော်ကပြောတာပါ။နောက်ပြီး ကျွန်တော်ငယ်စဉ်က ခရီးသွားတဲ့အခါ ဒီခေတ်လို ကားတွေက ပေါပေါများများ မရှိတော့ မီးရထားကို အသုံးပြုကြရတာ များပါတယ်။ ဒီလိုရထားနဲ့ ခရီးသွားတဲ့ အခါတိုင်း ဘူတာတစ်ခုကို ရောက်လို့ ရထားရပ်တဲ့အခါ အမျိုးသမီးငယ်လေးတွေက ရေအိုးလေးတွေ ခေါင်းပေါ်မှာရွက်ပြီး ရထားပြတင်းပေါက်စေ့အောင် လျှောက်ရင်းက "ရေအလှူပါရှင့်" ဆိုတဲ့ အသံကလေးတွေနဲ့ ရေလိုက်ပြီး လှူကြတဲ့ မြင်ကွင်းကိုလည်း အမြဲလိုလို မြင်ရတတ်ပါတယ်။ ဒီမိန်းကလေးတွေရဲ့ စေတနာနဲ့ သဒ္ဓါတရားဟာ အံ့သြလောက်စရာပါပဲ။ သူတို့အနေနဲ့ ငွေကြေးရယ်လို့ တစ်ပြားတစ်ချပ်မှ မမျှော်ကိုး၊ စေတနာသက်သက်နဲ့ ရေအိုးကို ခေါင်းမှာရွက်ပြီး နေပူပူကြီးထဲမှာ အထက်အောက် ရထားတစ်စင်းလုံးနှံ့အောင် ပြေးလွှားပြီး ရေလှူနေကြတဲ့ မြင်ကွင်းဟာ မြင်ရသူတိုင်းရဲ့ ရင်ကိုပီတိဖြစ်စေမှာ အမှန်ပါပဲ။ ခုတော့ ရထားမစီးတာလည်း ကြာပြီမို့ ဒီလိုများ ပြုနေကြသေးရဲ့လားဆိုတာတောင် မသိတော့ပါဘူး။ဒါတွေနဲ့ ဆက်စပ်ပြီး ကျွန်တော့်မှာ နေစရာအိမ်နဲ့ ခြံကလေး ရလာတဲ့အခါ ငွေကြေး အဆင်မပြေလို့ အခြားဒါနတွေ မပြုနိုင်ရှိစေဦး။ အပန်းမကြီးတဲ့ ရေအလှူကလေးတော့ဖြင့် ပြုဦးမှလို့တွေးပြီး ရေအိုးစင်ကလေးတည် ဖြစ်သွားတာပါပဲ။ ရေအိုးစင် တည်ရတာက ဘာမှ ငွေကုန်ကြေးကျလည်း မများပါဘူး။ ရေအိုး၊ ရေခွက်၊ အဖုံးနဲ့ အုပ်ဆောင်းကလေး အားလုံးပေါင်းမှ တန်ဖိုးက ဘာမှမရှိဘူး။ ရေအိုးစင် ဆောက်တာကလည်း ကိုယ့်အိမ်မှာ အသုံးမလိုလို့ ပစ်ထားတဲ့ သစ်တိုဝါးစနဲ့ လုပ်အားကို အရင်းတည်ပြီး ဆောက်လိုက်တဲ့အခါ ရေအိုးစင်ကလေးတစ်ခု ဖြစ်သွားတာပါပဲ။ရေကလည်း ကိုယ့်အိမ်မှာ သုံးတဲ့မိုးရေ၊ ချောင်းရေကို ခပ်ထည့်လိုက်တာပါပဲ။ ပထမဆုံး ရေကထပ်ဖြည့်ရတယ်။ နောက်ပိုင်း ဒီနေရာမှာ ရေအိုးစင်ရှိမှန်း သိလာတဲ့အခါ ခရီးသွားတွေကလည်း ဒီနေရာရောက်မှ တစ်ထောက်နားပြီး ရေသောက်ကြတယ်။ သီလရှင်လေးတွေကတော့ ဆန်အလှူခံရင်း ဒီနေရာရောက်မှ ရေသောက်ကြလေ့ရှိတယ်။ ဒါနဲ့ နောက်တော့ နှစ်ရက်တစ်ခါလောက် ရေဖြည့်ရတယ်။ ရာသီဥတု အရမ်းပူတဲ့အခါမျိုးကျတော့ တစ်နေ့တစ်ခါပေါ့လေ။ပထမဆုံး စတည်တဲ့ ရေအိုးစင်ကလေးက တစ်နှစ်လောက်ကြာတဲ့အခါ မိုးထဲရေထဲမှာဆိုတော့ ပျက်စီးစပြုလာတာနဲ့နောက် အသစ်ပြင်ဆောက်ရတယ်။ ဒါလည်း တစ်နှစ်ကျော်လောက်ကြာတော့ ပျက်ပြန်တာပဲ။ ပျက်တော့လည်း အသစ်ပြန်ဆောက်ပေါ့လေ။ ရေအိုးကတော့ တစ်နှစ်ကို နှစ်ခါသုံးခါလောက် အသစ်လဲလဲ ပေးရတယ်။ ရေခွက်နဲ့ အဖုံးလည်း လဲပေးရတာပဲ။ ရေအိုးစင်ဆိုတာကလည်း သန့်သန့်ပြန့်ပြန့်နဲ့ ကြည်ကြည်စင်စင် ကလေးရှိနေမှ သောက်တဲ့သူတွေလည်း သောက်ချင်ကြမှာ မဟုတ်လား။ ရေသောက်တဲ့သူတွေကလည်း လူတန်းစားက အမျိုးမျိုး၊ တချို့လည်း ရေကိုသောက်ပြီး အဖုံးတည့်အောင် ပြန်မဖုံး၊ ရေခွက်ကို တော်ရာချထားခဲ့တာမျိုးကလည်း ရှိသေးတယ်။ တစ်ခါတလေလည်း အုပ်ဆောင်းကလေးက မြေကြီးပေါ်မှာ ကြဲလို့ကျနဲ့ တချို့လည်း လက်တွေက ပေကျံပြီး အဖုံးနဲ့ ခွက်တွေမှာ ညစ်ပတ်ကျန်ခဲ့တာပဲ။ ဒါလည်း ဂရုတစိုက်နဲ့ ပြန်ပြီး ဆေးဆေးပေးရတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရေလှူတဲ့ အကျိုးက ၁၀ ပါးတောင် ရတာဆိုတော့ လှူရကျိုးနပ်ပါတယ်။ "စင်ကြယ်၊ ကျော်စော၊ ခြံရံပေါလျက်၊ လျင်သောသွားခြင်း၊ ရေမွတ်ကင်းလျက်၊ အဆင်းရွှေရောင်၊ ဆင်ပြောင်ခွန်အား၊ ချမ်းသာပွားလျက်၊ သက်ကားရာကျော်၊ ဉာဏ်မဟော်လား၊ ဤဆယ်ပါးသည် မှတ်သားရေလှူ အကျိုးတည်း" လို့ဆိုထားတာကြောင့် အတော်ကုသိုလ်ရတဲ့ အလုပ်ပါ။ အမှန်တော့ ဒါတွေကိုသိပြီး လိုချင်လို့လှူတာတော့ မဟုတ်ပါဘူး။ မလိုချင်ပေမယ့် ရတယ်ဆိုတော့လည်း လှူရတာ အားရှိတာပေါ့လေ။အဲဒါ ဒီနှစ်ထဲရောက်တော့ ရေအိုးစင်က ခနော်ခနဲ့ ဖြစ်လာပြန်တာနဲ့ ဒီတစ်ခါတော့ အလွယ်တကူနဲ့ မပျက်ရအောင် ပျဉ်းကတိုး တိုင်နှစ်လုံးနဲ့ အသေအချာ ခိုင်အောင်လုပ်လိုက်တယ်။ ဆောက်ပြီးတော့ အမြင်လှအောင်ဆိုပြီး ခါးစည်းပြားကလေး ရိုက်ထားလိုက်တယ်။ အမှန်တော့ ဒီနေရာမှာ သူများတွေကတော့ မည်သူမည်ဝါရဲ့ ကောင်းမှု နတ်လူသာဓု ခေါ်စေသော်ဝ်ဆိုပြီး ကမ္ပည်းထိုးကြတာ များတယ်။ ကျွန်တော်ကတော့ ဘာမဟုတ်တဲ့ အလှူကို ကမ္ပည်း တင်မနေချင်တာနဲ့ ဘာမှမရေးလိုက်တော့ပါဘူး။ဒါပေမဲ့ နောက်တော့ ဒီအတိုင်း ပြောင်ကြီးထားနေတာကလည်း ကြည့်မကောင်းတာနဲ့ စာတမ်းကလေး တစ်ခုရေးရရင် ကောင်းမှာပဲတွေးပြီး စဉ်းစားကြည့်တော့ စိတ်ကူးထဲမှာ ပေါ်လာတာလေး တစ်ခုက ရေလှူတယ်ဆိုတာ ကိုယ်ဆာရင် သောက်ဖို့ဆိုတာထက် ခရီးသွားတဲ့သူတွေ သွားရင်းလာရင်း အပန်းဖြေနားနေတဲ့အခါ ရေဆာရင် သောက်ပါစေတော့ဆိုတဲ့ စေတနာက အဓိကပါ။ ဒါ့အပြင် သူတို့တွေ ကိုယ်ရေးတဲ့ စာတမ်းကလေးကို ဖတ်ပြီး စိတ်ကြည်နူးစရာ ဖြစ်ပါစေတော့ဆိုတဲ့ အတွေးကလေးကလည်း စွက်လိုက်တော့ သင်္ဘောဆေးနဲ့ စုတ်တံကိုယူပြီး ပျဉ်ပြားမှာ စာလေးတစ်ကြောင်း ရေးလိုက်တယ်။ "ရေသောက်သူ ထီပေါက်ပါစေ" ဆိုတဲ့ စာတမ်းကလေးပါ။အဲဒီစာတမ်းကလေး ရေးပြီးတဲ့နေ့ကစပြီး သတိထားမိတာက ရေသောက်တဲ့သူတွေ ကျွန်တော်ရေးတဲ့ စာတမ်းကလေးကို ဖတ်ပြီး ပြုံးသွားကြတာပါပဲ။ တချို့များကျတော့လည်း "ဟန်ကျသဟေ့ ငါတော့ ထီများများပေါက်အောင် နှစ်ခွက်ဆင့် သောက်ပစ်လိုက်သဟ" လို့ ရယ်ကာမောကာနဲ့ ပြောသွားတာလည်း ကြားရတယ်။ ဒီစာတမ်းကလေးက အတော်လည်း ဆွဲဆောင်မှု ရှိပုံရတယ်။ တချို့လည်း စက်ဘီးဆိုင်ကယ်နဲ့ ဖြတ်သွားရင်းက စာတမ်းကလေးကိုမြင်တော့ "ထီပေါက်အောင် ရေသောက်သွားရဦးမယ်" လို့ ကြွေးကြော်ပြီး တခုတ်တရ ဝင်သောက်သွားကြတာလည်း ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူလည်းအပန်းဖြေ စိတ်လည်းလန်းစေ ဖြစ်သွားတာပေါ့လေ။တစ်လောကတော့ ကျွန်တော့်အိမ်ရှေ့က ဖြတ်သွားတဲ့ လူတစ်ယောက်က "ဒီရေအိုးစင်မှာ ရေမသောက်လို့လား မသိဘူး။ ထီက တစ်လုံးလွဲ နှစ်လုံးလွဲနဲ့ ကပ်ကပ်ပြီး လွဲနေတယ်။ မဖြစ်သေးပါဘူး။ ဒီတစ်ခါတော့ သောက်ဖြစ်အောင် သောက်သွားဦးမှ" လို့ ပြောပြီး ဝင်သောက်သွားတာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သံသရာဆိုတဲ့ ခရီးကြမ်းကြီးကို ဖြတ်သန်းနေရတဲ့ ကျွန်တော်တို့ အားလုံးအတွက် ဒါနဆိုတဲ့ ကောင်းမှု ရေအိုးစင်ကလေးတွေနဲ့ တွေ့တဲ့အခါ ခေတ္တနားပြီး အပန်းဖြေကြရင်းက မမေ့မလျော့ ဒါနရေကြည်ကလေး တစ်ခွက်ကိုသောက်ပြီး ရှေ့ခရီးကို ဆက်ကြမယ်ဆိုရင် သံသရာ ခရီးဆုံးကို မပင်မပန်း အလွယ်တကူနဲ့ ရောက်နိုင်တယ်ဆိုတဲ့ အကြောင်း ကျွန်တော့် ရေအိုးစင်ကလေးက တရားပြနေသလိုပါပဲ။

Most Read

Most Recent