ဇန်နဝါရီဒုတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၁ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်း

ဇန်နဝါရီဒုတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၁ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်း
Published 8 January 2016
အောင်မြတ်ကို

ဇန်နဝါရီဒုတိယပတ် ပြင်ပဈေးကွက် တစ်ဒေါ်လာလဲနှုန်း ၁၂၉၁ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်းလာကြောင်း သိရသည်။“ဒေါ်လာဈေးကျလာတာက နိုင်ငံတကာဈေးမှာလည်း ငွေလဲနှုန်းကျနေတယ်။ အခုဆို ပြည်တွင်းမှာ အရွက်သုံးတာ မရှိသလောက်နည်းနေတယ်။ ပို့ကုန်ရငွေကတော့ အရောင်းအဝယ်ရှိတယ်။ အခု ညနေပိုင်း Earning ဈေးက ၁၃၀၃ ကျပ်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်တယ်။ ဒေါ်လာဈေးကတော့ တရုတ်နှစ်ကူးအထိ ကျနိုင်ပါတယ်”ဟု ဒေါ်လာရောင်းဝယ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ဇန်နဝါရီ ၈ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၂ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၁ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၈ ကျပ်ဝန်းကျင်၊ စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေး ၉၁၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၀၀ ကျပ်ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၉၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၈၅ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဇန်နဝါရီပထမပတ် ၁ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၉ ကျပ်ဝန်းကျင်မှစ၍ ဇန်နဝါရီ ၇ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၃ ကျပ်ဝန်းကျင်သို့ တစ်ပတ်အတွင်း ခြောက်ကျပ်ဝန်းကျင် ကျဆင်းခဲ့ပြီး ဇန်နဝါရီ ဒုတိယပတ် ၈ ရက်တွင် တစ်ဒေါ်လာလျှင်  ၁၂၉၁ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်း လျက်ရှိသည်။ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ဇန်နဝါရီ ၁ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၃၀၇ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၅ ကျပ်မှ ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်သို့ တစ်ပတ်အတွင်း လေးကျပ်လျှော့ချ သတ်မှတ်ခဲ့ပြီး ဇန်န ဝါရီ ၈ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်း မှာ ၁၃၀၂ ကျပ်ရှိနေကြောင်း သိရသည်။ဇန်နဝါရီ ၈ ရက် နိုင်ငံခြား ငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၀၂ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းကို ဝယ်ယူခဲ့သည်။ ဗဟိုဘဏ်မှ ဇန်နဝါရီ ပထမပတ်အတွင်း ၁ ရက်၊ ၅ ရက်နှင့် ၇ ရက်တွင် စုစုပေါင်းဒေါ်လာ ငါးသန်းကို ရောင်းချခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် ဒေါ်လာတစ်သန်းကို နိုင်ငံခြားငွေကြေးလေလံမှ ပြန်လည်ဝယ်ယူခဲ့သည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင်ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် သတ်မှတ်ဒေါ်လာလဲနှုန်းသည် ၁၃၀၂ ကျပ်ရှိနေသည်။ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်း ဈေး ၁၃၀၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၉ ကျပ်ဝန်းကျင်တွင် ရှိနေသည်။တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင် နှုန်းဘောင်အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Mar- ket တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။ 

Most Read

Most Recent