မိတ္ထီလာမြို့ ဥတ္တရဇေယျုံ ကျောင်းထိုင်ဆရာတော်အား အရက်မူးနေသူက လည်ပင်းညှစ်ကာ ငွေတောင်းခံမှုဖြစ်ပွား

မိတ္ထီလာမြို့ ဥတ္တရဇေယျုံ ကျောင်းထိုင်ဆရာတော်အား အရက်မူးနေသူက လည်ပင်းညှစ်ကာ ငွေတောင်းခံမှုဖြစ်ပွား
Published 7 January 2016
ဝဏ္ဏ (မိတ္တီလာ)

မိတ္ထီလာမြို့ ဥတ္တရဇေယျုံ ကျောင်းထိုင် ဆရာတော်အား အရက်မူးနေသော လူငယ်တစ်ဦးမှ လည်ပင်းညှစ်ကာ ငွေကြေးတောင်းခံသဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေပိုင်းက  မိတ္ထီလာမြို့ သိရိမင်္ဂလာနယ်မြေ (၁) ရပ်ရှိ ဥတ္တရဇေယျုံ ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒက္က၊ သက်တော်(၇၆) ဝါတော်(၅၇) ဝါ သီတင်းသုံး နေထိုင်ရာ ကျောင်းဆောင်အတွင်းသို့ အမည်မသိ လူငယ်တစ်ဦး ရောက်ရှိလာပြီး မြင်းခြံမြို့သို့ ပြန်ရန် လမ်းစရိတ်မရှိသဖြင့် ဝတ္ထုငွေစွန့်ရန် လျှောက်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ထိုလူငယ်မှာ ည ၈ နာရီခန့်တွင် ကျောင်းသို့ ထပ်မံပြန်လာပြီး ဆရာတော် သီတင်းသုံးနေသော တံခါးအား ပိတ်ထားသဖြင့် ‘ဦးဇင်း၊ ဦးဇင်း’ဟု ခေါ်နေသဖြင့် တံခါးဖွင့်ပေးရာ ဝတ္ထူငွေစွန့်ရန် ထပ်မံလျှောက်ထားခဲ့သဖြင့် ဆရာတော်မှ အရက်မူးနေသဖြင့် မစွန့်နိုင်ကြောင်း ပြောနေစဉ် ထိုလူငယ်မှ ဆရာတော်၏ လည်ပင်းအား ညှစ် ကာ ပေးမှာလား မပေးဘူးလားမေးရာ ဆရာတော်မှ ပေးမည်ဖြစ်ကြောင်း ပြောသဖြင့် လူငယ်မှလွှတ်ပေးပြီး ငွေနှစ်သောင်း ကူညီရန်ပြောသဖြင့် ဆရာတော်မှ ကျောင်းဝင်း အတွင်းရှိ ကိုရင်များအား အကူအညီတောင်းခံပြီး ဝိုင်းဝန်းဖမ်းဆီးရာ ထိုလူငယ်မှာ အောင်ထူး အသက် (၂၈)နှစ်၊ (ဘ) ဦးစံသိန်း ဘိစပ်ကုန်းကျေးရွာ၊ ဖျောက်ဆိပ်ကုန်းအုပ်စု၊ မလှိုင်မြို့နယ်နေသူ ဖြစ်ကြောင်း သိရသည်။
“ဆရာတော်ကြီးကတော့ အမှုတွေ ဘာတွေမဖွင့်ချင်ဘူး၊ ဒါပေမဲ့ တာဝန်ရှိတဲ့ လူတွေက ဒီလူငယ်ရွာကို လှမ်းစုံစမ်းကြည့်တော့ အောင်ထူးက မူးယစ်ဆိုးသွမ်းနေသူ ဖြစ်တယ်ဆိုတာ သိရလို့ နောင်မှာ ဒါမျိုးတွေ ထပ်မဖြစ်အောင် လက်ရောက်မှု၊ ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ အာမခံပေးလို့မရတဲ့ ပိုင်နက်ကျူးကျော်ပြီး ခြိမ်းခြောက်တဲ့အမှုတွေနဲ့ အမှုဖွင့် ဖမ်းဆီး အရေးယူလိုက်တာ”ဟု သွားရောက် ကြည့်ရှုခဲ့သူ တစ်ဦးက ဆိုသည်။
ဘာသာသာသနာစော်ကားပြီး ရဟန်းသံဃာအား လက်ရောက်မှုကျူးလွန်ခဲ့သူ အောင်ထူးအား ဖမ်းဆီး အရေးယူပေးရန်  မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖ ဦးအေးလွင် အသက် (၄၉)နှစ် တရားလို ပြူလုပ်ကာ အမှတ် (၂) နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် ရဲစခန်းမှ (ပ) ၆/၂၀၁၆ ပြစ်မှုပုဒ်မ ၄၅၂/၃၂၃/၂၉၅ (က) ဖြင့် အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent