လာဘ်ပေးလာဘ်ယူမှုနှင့် ဆေးခြောက် အရောင်းအဝယ်ကိစ္စတို့တွင် ဟင်္သာတမြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့ ပါဝင်နေသည်ဟု Facebook စာမျက်နှာများ၌

လာဘ်ပေးလာဘ်ယူမှုနှင့် ဆေးခြောက် အရောင်းအဝယ်ကိစ္စတို့တွင် ဟင်္သာတမြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့ ပါဝင်နေသည်ဟု Facebook စာမျက်နှာများ၌
Published 7 January 2016
အောင်ကျော်မျိုး (ဟင်္သာတ)

လာဘ်ပေးလာဘ်ယူမှုနှင့် ဆေးခြောက် အရောင်းအဝယ်ကိစ္စတို့တွင် ဟင်္သာတမြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့ ပါဝင်နေသည်ဟု Facebook စာမျက်နှာများ၌စွပ်စွဲရေးသားမှုများ ထွက်ပေါ်အပြီး ဌာနတွင်း စစ်ဆေးမှုများပြုလုပ်နေ
လာဘ်ပေးလာဘ်ယူမှုနှင့် ဆေးခြောက် အရောင်းအဝယ် ကိစ္စတို့တွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ဟင်္သာတမြို့မှ ရဲတပ်ဖွဲ့တာဝန်ရှိသူအချို့အား Facebook စာမျက်နှာတွင် စွပ်စွဲရေးသားမှု ရှိခဲ့ပြီးနောက် ဌာနတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူးထံ မေးမြန်းခဲ့ရာ “တပ်ဖွဲ့တွင်း စစ်ဆေးတာတွေကို ပြောလို့မရဘူး။ တိုင်တာတွေကတော့ အများကြီးရှိတာပေါ့။ အပေါ်က ညွှန်ကြားချက်နဲ့ အညီစစ်တာပေါ့”ဟု ဖြေ ကြားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ်ခဲ့ရာတွင်မူ “ဟင်္သာတအမှတ်(၁) ရဲစခန်းမှူးက ဆက်ဆံရေး မပြေပြစ်တာ တစ်ချက်၊ နောက်ပြီးတော့ ဒုစခန်းမှူးက ခိုးမှုတွေနဲ့ ပတ်သက်ပြီးတော့ လင်မယားနှစ်ယောက်နဲ့ ပူးပေါင်းပြီး ဘာဆောင်ရွက်တယ်၊ ညာဆောင် ရွက်တယ်၊ ဆေးခြောက်ကိစ္စတွေ ရောင်းဝယ်မှုလုပ်တယ်ပေါ့။ နောက်တစ်ချက်ကတော့ ရဲအုပ်တစ်ဦးက အမှုကိစ္စနဲ့ သစ်မှောင်ခိုကိစ္စတွေမှာ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်တယ်ဆိုတဲ့ Facebook မှာ ပါတဲ့သတင်းကို အခြေခံပြီး စစ်ဆေးတာပါ”ဟု ပြောကြားသည်။
“လက်ရှိမှာတော့ စွပ်စွဲခံရသူ ရဲတပ်ဖွဲ့ဝင်သုံးဦးအပြင် ဒုစခန်းမှူးနဲ့ ပူးပေါင်း ဆောင်ရွယ်တယ်ဆိုတဲ့ ဒေါ်ထားမေ၊ စက်ဝန်းထဲက လင်မယားနှစ်ယောက်ကို စစ်ဆေးပြီးပါပြီ။ Facebook အကောင့်ပိုင်ရှင် ဘယ်သူလဲဆိုတာ မသိသေးဘူး။ ပြည့်စုံခိုင်လုံတဲ့ အထောက်အထားလေး လိုချင်တယ်။ အပေါ်ကလည်း တောင်းနေပြီ။ တကယ်ကျူးလွန်၊ မကျူးလွန် ဆုံးဖြတ်ရတာ အခက်အခဲရှိနေတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဟင်္သာတမြို့နယ်တွင် လက်ရှိအချိန်၌ လောင်းကစားမှုများ ရှိနေသည့်အပြင် မူးယစ်ဆေး ရောင်းဝယ်မှုအချို့ရှိနေကြောင်း၊ လုပ်ငန်းလိုင်စင် စည်းကမ်း ကန့်သတ်ချက်များကို အခွင့်ကောင်းယူကာ ကေတီဗွီလုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းတို့တွင် တိုင်းအဆင့်အထိ လိုင်းကြေးတောင်းခံမှုများ၊ သစ်မှောင်ခိုကိစ္စတို့တွင် လိုင်းကြေးတောင်းခံမှုနှင့် ရဲတပ်ဖွဲ့ အချို့ကိုယ်တိုင် ဆောင်ရွက်မှုများ ရှိနေကြောင်း သတင်းထွက်ပေါ်မှုများ ရှိနေသဖြင့် ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမေးမြန်းခဲ့ရာ “အဲဒါတွေက ပြောလို့မရဘူးလေ။ ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲ။ မှန်ရင်လည်းမှန်၊ မှားရင်လည်း မှားနိုင်တာပေါ့။ ဒါပေမဲ့ တို့ကတော့ လောင်းကစားဝိုင်းလည်း ဖမ်းနေတာပဲ။ ဘယ်ဟာမှတော့ အားပေးတာမရှိပါဘူး။ ဒီလိုကိစ္စတွေကတော့ ရှင်းရှင်းပြောရရင် ပါဝင်ပတ်သက်မှုတော့ အများဆုံး ရှိကြတာပဲ။ ရဲတပ်ဖွဲ့ရယ်မဟုတ်ဘူး။ ကျန်တဲ့တပ်ဖွဲ့တွေလည်း ပါဝင် ပတ်သက်ကြတာပဲ။ အဲဒါကြောင့် ဖော်ထုတ်နေပါတယ်။ သတင်း အတိအကျပေးရင် တို့ဖမ်းပေးတာပဲ။ အဲဒါမျိုးတော့ ရှိတာပေါ့”ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent