၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်ထိ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသား ၄၀ ၏ မိသားစုဝင်များအား ငွေကြေး ထောက်ပံ့ကူညီပြီး ဂုဏ်ပြုသည့် အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ပူးပေါင်း၌ ရန်ကုန်မြို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ကျဆုံးသွားသူများ၏ မိသားစုဝင်များကို အကူအညီ ပေးနိုင်ရေးအတွက် အဖွဲ့ဝင် ရှစ်ဦးပါသည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၁၉၉ ဦး ရှိခဲ့ကြောင်းနှင့် ယင်းတို့အနက် ၅၅ ဦးကို တစ်ဦးလျှင် ငွေ ကျပ် ၁၀ သိန်းနှုန်းဖြင့် ၎င်းတို့၏မိသားစုဝင် များအား ထောက်ပံ့ခြင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့ကြောင်း သိရသည်။
AAPP မှ ဦးအောင်မျိုးကျော်က "အကျဉ်းထောင်နဲ့ စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ ကျွန်တော်တို့ ရဲဘော်တွေကို ဂုဏ်ပြုပွဲလုပ်မှာပါ။ ကျွန်တော်တို့ ပထမတစ်ကြိမ်တုန်းက ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ကျဆုံး နိုင်ငံရေး အကျဉ်းသား ၅၅ ယောက်အတွက် ဂုဏ်ပြုပွဲ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ AAPP နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ နှစ်ဖွဲ့ပေါင်းပြီးတော့ အဲဒီဂုဏ်ပြုပွဲလေးကို လုပ်ခဲ့ပါတယ်။ အခုလည်း တောက်လျှောက် ကြိုးစားလာရာမှာ ဒီကျဆုံး နိုင်ငံရေး အကျဉ်းသား ၄၀ တစ်ယောက်ကို ငါးသိန်းနှုန်းနဲ့ ဂုဏ်ပြုငွေ ချီးမြှင့်မှာပေါ့။ ဂုဏ်ပြုလက်မှတ်နဲ့။ အဲဒါကို လူ ၄၀ စာ မတည်ထားပါတယ်။ အခု တစ်ခေါက်လည်း ကျွန်တော်တို့ AAPP နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး ကျွန်တော်တို့လုပ်မှာပါ။ လုပ်မယ့်နေ့က မတ် ၂၃ ရက်မှာ လုပ်ဖို့ လျာထားပါတယ်"ဟု ပြောကြားသည်။
၎င်းက "ပြီးခဲ့တဲ့အခေါက် လုပ်တုန်းကတော့ ကျဆုံးနိုင်ငံရေး အကျဉ်းသား ဂုဏ်ပြုပွဲအဖြစ် ကျွန်တော်တို့ လုပ်ခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ ကျဆုံးနိုင်ငံရေး အကျဉ်းသားနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဂုဏ်ပြုပွဲဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ မိသားစုဝင်တွေကိုပါ ဂုဏ်ပြုဖို့အတွက် ကျွန်တော်တို့ စီစဉ်ထားတာ စဉ်းစားထားတာပါ"ဟု ဆိုသည်။
စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသား ၄၀ ၏ မိသားစုဝင်များအား ထောက်ပံ့ကူညီမည်















