ရန်ကုန်မြို့လယ်ရှိ Grand Mee Ya Htar ဟိုတယ်နှင့် မီးရထားရုံးချုပ်ဟောင်း အပါအဝင် မြေ ၁၀ ဧကကို လူနေတိုက်ခန်း၊ ရုံးခန်း၊ ဟိုတယ်ဆောက်လုပ်ခွင့်နှင့် နှစ်ငါးဆယ် ငှားရမ်းလုပ်ကိုင်ခွင့် မီးရထားဝန်ကြီးဌာနနှင့် ရိုးမအုပ်စုတို့ သဘောတူညီချက် သုံးလအတွင်း ရေးထိုးသွားမည်ဖြစ်ကြောင်း ရိုးမအုပ်စုက ဒီဇင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်တွင် တည်ရှိသည့် မီးရထားရုံးဝင်းတွင် အပိုင်းနှစ်ပိုင်း ပါဝင်ပြီး မီးရထားရုံးချုပ်ဟောင်း အဆောက်အအုံတည်ရှိရာ ၉ ဒသမ ၅ ဧကရှိ မြေနေရာနှင့် ဂရင်းမီးရထားဟိုတယ်နှင့် FMI စင်တာတို့ ဆောက်လုပ်ထားသည့် သုည ဒသမ ငါးဧက ပါဝင်ကြောင်းလည်း သိရပြီး နှစ်ခုစလုံးကို ရိုးမအုပ်စုအနေဖြင့် နှစ် ၅၀ ငှားရမ်း လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း ရိုးမအုပ်စု၏ ထုတ်ပြန်မှုအရ သိရသည်။
မီးရထားရုံးချုပ်ဝင် ဟောင်းအတွင်း၌ ရိုးမအုပ်စုအနေဖြင့် ဂရင်းမီးရထားဟိုတယ်၊ FMI စင်တာတို့ကို မီးရထားဝင်းဟောင်း နေရာတွင် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအရ မီးရထားပိုင် မြေနေရာများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်းများ ရေးဆွဲခဲ့ရာတွင် မူလလုပ်ကိုင်ခွင့် ရရှိထားသည့် ရိုးမအုပ်စုကလည်း အစီအစဉ်အသစ်ဖြင့် မီးရထား ဝန်ကြီးဌာနသို့ နှစ် ၅၀ အထိ ငှားရမ်းခွင့် အတွက် စာချုပ်ကို ပြန်လည်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
ရိုးမအုပ်စုအနေဖြင့် ဂရင်းမီးရထားဟိုတယ်ကို ဆောက်လုပ်ခဲ့သည့် Meeyahtar Investment Holdings Limited၏ ရှယ်ယာရာခိုင်နှုန်း ၈၀ ကိုလည်း လွှဲပြောင်း ရယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကိုလိုနီခေတ် လက်ရာဖြစ်သည့် ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းတွင် ပါဝင်သည့် မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကိုမူ ရိုးမအုပ်စုက ကြယ်ငါးပွင့်အဆင့်ရှိ Pennisula ဟိုတယ်အဖြစ် ပြန်လည်ပြုပြင် မွမ်းမံရန် အဆိုပြုထားကြောင်းလည်း သိရသည်။
ရိုးမအုပ်စုအနေဖြင့် ၂၀၀၂ ခုနှစ် ကတည်းက အဆိုပါ မီးရထားဝင်းအား နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ဟိုတယ်၊ ကြယ်လေးပွင့် အဆင့်ဟိုတယ်၊ ကွန်ဒိုမီနီယမ်များ၊ လူနေတိုက်ခန်းများနှင့် ရုံးခန်းများ ပါဝင်သည့် ဆောက်လုပ်ရေး စီမံကိန်းကို အမေရိကန် ဒေါ်လာသန်း ၃၅၀ ဝန်းကျင် အကုန်အကျခံ ဆောက်လုပ်မည်ကြောင်းလည်း အဆိုပါ ကာလက ပြောကြားသည်။
ရန်ကုန်မြို့လယ်ရှိ မီးရထားဟိုတယ်နှင့် မီးရထားရုံးချုပ်ဟောင်း အပါအဝင် မြေ ၁၀ ဧကကို လူနေတိုက်ခန်း၊ ရုံးခန်း၊ ဟိုတယ် ဆောက်လုပ်ခွင့်နှင့် နှစ် ၅၀ ဆက်တိုက် ငှားရမ်းလုပ်ကိုင်ခွင့် မီးရထားဝန်ကြီးဌာနနှင့် ရိုးမအုပ်စု လက်မှတ်ရေးထိုးမည်















