အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) တာဝန်ရှိသူများနှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) မှ တာဝန်ရှိသူအချို့သည် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၃ နာရီ ဝန်းကျင်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံပွဲတွင် NLD ဘက်မှ ဦးဝင်းထိန်၊ ဦးထွန်းထွန်းဟိန်၊ ဦးနိုင်ငံလင်းတို့ ပါဝင်ပြီး SNLD ပါတီ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်တို့ တက်ရောက်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတို့နှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။
ဦးစိုင်းကျော်ညွန့်က "မနက်ဖြန်ကျရင် UPDJC အတွင်းရေးမှူး အစည်းအဝေးရှိတာကို မနက်ဖြန်ကျရင် ဘယ်လိုလဲ နည်းနည်း တိုင်ပင်ကြတဲ့ သဘောပဲရှိတာပါ။ UNA တခြားအဖွဲ့ဝင်တွေ မပါဘူး။ ဒါက Peace Process ကို တိုင်ပင်တဲ့သဘောပဲရှိတာပါ။ NLD ဘက်က ဆရာကြီးဦးဝင်းထိန်ပါတယ်။ ဦးထွန်းထွန်းဟိန်တို့ ပါတယ်။ နိုင်ငံလင်းပါတယ်။ နိုင်ငံလင်းက အတွင်းရေးမှူး အဖွဲ့ထဲမှာ ပါ, ပါနေတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း သူတို့ ဘယ်လောက်လုပ်မယ် ပြုမယ်ဆိုတာ လာပြောထားတာရှိတယ်။ နောက်ပြီးတော့ အစိုးရဘက်ခြမ်းကလည်း ဇန်နဝါရီ ၁၂ ရက်မှာ စမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ ဘယ်အတိုင်းအတာအထိ လုပ်မယ်ဆိုတာ အဲဒီလိုတွေ နည်းနည်း အဆိုပြုလုပ်ထားတာတွေ ရှိနေတော့ အဲဒီအပေါ်မှာ နည်းနည်း ဆွေးနွေးတာပါ"ဟု ပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ယခု ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ အစိုးရဘက်က ညီလာခံကို ငါးရက်ကြာ ကျင်းပရန် လိုလားနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံကို သုံးရက်သာ ကျင်းပလိုကြောင်း သိရသည်။
NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က "ဒီနေ့တွေ့ပြီးသွားပြီ။ UNA အကုန်မဟုတ်ဘူး။ သူတို့ဆီက ပြောရေးဆိုခွင့်ရှိသူ နှစ်ယောက်လောက်နဲ့။ တွေ့ပြီးတော့ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက် ညီလာခံကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာ။ ဘာမှ မူဝါဒတွေ မချဘူး။ အစည်းအဝေး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာပေါ့။ ဒုတိယသမ္မတ စိုင်းမောက်ခမ်းနဲ့ အဖွဲ့က သူတို့ လုပ်မလို့ လုပ်နေတာလေ။ အဲဒါနဲ့ ဘယ်လို ချိတ်ဆက်ရမလဲဆိုတာကို အဖြေရှာတာပေါ့။ ကိုယ်တို့က သုံးရက်ပဲ ကျင်းပဖို့ ပြောထားတယ်"ဟု ပြောကြားသည်။
တစ်နိုင်ငံလုံ းအပစ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်လည်း ရည်ရွယ်ချက်ရှိသည်ဟု ဦးဝင်းထိန်က ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ရက်သတ်မှတ်ရေးကိစ္စကို ဇန်နဝါရီ ၅ ရက်မှ စတင်ပြီးရန်ကုန်မြို့၌ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးတွင် ညှိနှိုင်းသွားမည် ဖြစ်သည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁ ရက်က သမ္မတရုံးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ဒေါက်တာစိုင်းမောက်ခမ်းက ညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
NLD တာဝန်ရှိသူများနှင့် UNA အဖွဲ့ဝင် SNLD ပါတီ တာဝန်ရှိသူအချို့ ရန်ကုန်မြို့၌တွေ့ဆုံ၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိစ္စ ဆွေးနွေး















