တက်ကြွလှုပ်ရှားမှုများကြောင့် အမှုရင်ဆိုင်နေရသူ ၂၀၁၄ နှစ်ကုန်အထိ ၂၀၀ ကျော်ရှိရာမှ ၂၀၁၅ နှစ်ကုန်တွင် ၄၀၀ ကျော်အထိ နှစ်ဆတိုးလာ

တက်ကြွလှုပ်ရှားမှုများကြောင့် အမှုရင်ဆိုင်နေရသူ ၂၀၁၄ နှစ်ကုန်အထိ ၂၀၀ ကျော်ရှိရာမှ ၂၀၁၅ နှစ်ကုန်တွင် ၄၀၀ ကျော်အထိ နှစ်ဆတိုးလာ
Published 3 January 2016
ဇာလီမြင့်ဦး

၂၀၁၄ နှစ်ကုန်အထိ တက်ကြွလှုပ်ရှားမှုများကြောင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိရာမှ ၂၀၁၅ နှစ်ကုန်တွင် ၄၀၀ ကျော်အထိနှစ် ဆတိုးလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။AAPP မှ အချက်အလက်များ အရ ၂၀၁၄ နှစ်ကုန်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကြောင့် တရားစွဲဆိုခံရသူဦးရေမှာ၂၀၃ ဦးသာ ရှိခဲ့ရာမှာ လက်ရှိ ၂၀၁၅ အကုန်တွင် တက်ကြွလှုပ်ရှားသူ ၄၀၁ ဦး တရားရင်ဆိုင်နေရကြောင်း သိရသည်။ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၂၆ ဦး ထိန်းသိမ်းခံထားရဆဲ ဖြစ်၍ အဆိုပါ အရေအတွက်မှာ ၂၀၁၄ နှစ်ကုန်ကထက် ပိုမိုများပြားလာခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီ ဇင်ဘာလကုန်တွင် နိုင်ငံရေးအကျဉ်းသား ၈၁ ဦးအကျဉ်းထောင်များတွင် ထိန်းသိမ်းခံခဲ့ရကြောင်း AAPP မှ ကိုအောင်မျိုးကျော်က ဆိုသည်။AAPP မှကိုအောင်မျိုးကျော် က "လက်ရှိ နိုင်ငံရေးအကျဉ်းသားက ၁၂၆ ဦး ထောင်ချခံထားရတယ်။ နောက် တရားစွဲဆိုခံထားရတဲ့ အရေအတွက်က ၄၀၀ ကျော်ရှိတယ်။ အဓိ က နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေကြောင့်ပေါ့။ ဥပမာနိုင်ငံရေး ပုဒ်မတွေလို့ ခေါ်နိုင်တဲ့ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ စတာတွေနဲ့ တရားရင်ဆိုင်ခဲ့ရတာတွေ များတယ်။ တချို့လည်း တရားရင်ဆိုင်နေရဆဲပဲ။ ဒီအရေအတွက်ဟာ အရင်နှစ်တွေကထက် ပိုများလာတာတော့ အမှန်ပဲ"ဟု ပြောကြားသည်။    ၂၀၁၅ ခုနှစ်အတွင်း တက်ကြွလှုပ်ရှားမှုများကြောင့် လစဉ်အနည်းဆုံး ငါးဦးခန့် တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။တရားစွဲဆိုခံရသူများတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသာမက အလုပ်သမားအရေး၊ လယ်သမားအရေး ဆောင်ရွက်သူများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။ ၂၀၁၅ မတ်လတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ ဦးအထိ တရားစွဲဆိုခံခဲ့ရကြောင်းလည်း AAPP မှ ထုတ်ပြန်ထားမှုများအရ သိရသည်။  "၂၀၁၅ ခုနှစ်အတွင်းမှာက ကိုပါကြီး သေဆုံးတဲ့ကိစ္စ လက်ပံတောင်းဒေသခံ တောင်သူဒေါ်ခင်ဝင်း သေဆုံးတဲ့ ကိစ္စတို့လိုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အမှုမှန် ပေါ်ပေါက်ရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ ဒီအတွက် ပုဒ်မ ၁၈ တို့လို ပုဒ်မမျိုးနဲ့ တရားစွဲဆိုခံထားရတွေလည်း ပါဝင်ပါတယ်။ နောက်ပြီးတော့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုတွေကြောင့် ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေရဲ့ အမှုတွေလည်း ပါဝင်လာတယ်။ လုပ်ခလစာနဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေကြောင့် တရားရင်ဆိုင်နေရသူတွေရဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်။ ဒါကကျွန်တော်တို့ လက်လှမ်းမီသလောက် အချက်အလက် ခိုင်ခိုင်မာမာရထားတဲ့ အမှုတွေပေါ့"ဟု ဦးအောင်မျိုးကျော်က ပြောကြားသည်။AAPP အနေဖြင့် အကျဉ်းထောင်အတွင်းရှိသော နိုင်ငံရေးအကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာရင်းကို ၂၀၁၄ သြဂုတ်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသား ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားကြောင်း သိရသည်။ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင်သုံးရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန်တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းစသည် တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမအကြောင်းအရဖြစ်စေ ဖမ်းဆီး၊ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအားကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း သိရသည်။ထို့ပြင် မည်သူမဆို၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံးပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့်နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအား နိုင်ငံရေးအကျဉ်းသားအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း သိရသည်။ 

Most Read

Most Recent