စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကသာ-အင်းတော်-မံစီ လမ်းပိုင်း အင်းရွာနှင့် သက္ကယ်ကျင်းရွာကြား မိုင်တိုင်အမှတ်၂၀/၂ နှင့် ၃ ကြားရှိ ပြတ်ရွေ့ကြောမှာ အချိန် ငါးလ ကျော်ကြာသည် အထိ ပြိုဆင်းနေဆဲဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ် ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဒီလမ်းက ကသာ-အင်းတော်-မံစီလမ်းပိုင်း အင်းရွာနှင့် သက္ကယ်ကျင်းရွာကြား မိုင်တိုင်အမှတ်၂၀/၂ နှင့် ၃ ကြားရှိပါတယ်။ ဇူလိုင် ၂၈ ရက်က စဖြစ်နေတာ ဇူလိုင် ၂၉ ရက်မှာ စဖယ်ရှားနေတာပါ။ ဒီနေရာက ပြတ်ရွေ့နေတာ အင်းရေကလည်း နက်တယ် တောင်ကလည်း ဟိုထိပ်ကနေပြီးတော့ မြေရဲ့ဝိတ်အား အောက်ကလည်း သဲတွေနဲ့ဆိုတော့ ဟိုထိပ်ကနေ အဆောင်ကြီးက ပြတ်ရွေ့လာတာ။ အဲ့ဒီအရွေ့တာက ဒါတင်မကဘူး အောက်က လယ်တွေပါ ရွေ့သွားတာ။ ပထမဦးဆုံးနေ့က အက်ကြောင်းက သုံးပေလောက် ကျယ်တယ်။ အောက်မှာ အနက်ဘယ် လောက်ရှိမှန်းမသိဘူး။ ကတ္တရာလမ်းက ဒီဘက်ကို လေးပေကျော်လောက် ရွေ့လာတယ်။ ဒီပြတ်ရွေ့ကြောက အခုထိ ဆင်းနေတုန်း မသိမသာလေး ဆင်းနေတာ ၂၄ နာရီကို ၅ လက်မ ၆ လက်မဆင်းနေတာ။ ပထမဦးဆုံး ရက်ကဆို တစ်ပေတောင် ကျော်တယ်။ စက်အင်အားနဲ့ကို တော်တော်လုပ်ရမှာ လောလောဆယ် ကားတွေ လမ်းကြောင်းမပြတ်အောင်ပဲ လုပ်ပေးနေရတာ”ဟု ပြောကြားသည်။
အင်းတော်ဒေသခံ ဦးဝင်းဖေက “မိုးတွင်းကာလမှာ တောင်ပြတ်ပြီးမှ ပြိုကျသွားတယ်။ ဒီပွင့်လင်းကာလ ဆောင်းရာသီမှာ ဒီလမ်းပိုင်းကို ပြင်ဆင်မှသာလျှင် မိုးတွင်းကာလမှာ သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမပြင်ဘူးဆိုရင် ဒီတောင်ဟာ မိုးတွင်းကာလမှာ သွားလို့ရမှာ မဟုတ်ပါဘူး။ ပြန်ပြီးတော့ ပြိုကျမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းကို ပြုပြင်ပေးပါလို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။ လှည်းတွေကားတွေ ဆိုင်ကယ်တွေ သွားလာရ အခက်အခဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတောင်ကြီးဟာ စိမ့်ရှိတဲ့အတွက် ပြန်ပြိုကျပါတယ်။ ဒီလမ်းဟာပြန်ပြီးတော့ ပျက်စီးမှာဖြစ်ပါတယ်။ ပွင့်လင်းရာသီလေးမှာ ပြန်ပြီးတော့ပြင်ဖို့ရာ ကျွန်တော့်အနေနဲ့ တောင်းဆိုခြင်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။
နန့်ခင့်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “အခုက သုံးပေလောက် မြင့်တက် လာခဲ့ပြန်ပါတယ်။ အရင်က အက်ကွဲကြောင်းပဲရှိတာ။ အခုက တောင်ပြို ပြတ်ကျတာပါ တွေ့နေရပြီ။ အပေါ်ထိပ်ကပါ ပြတ်ကျနေပြီ။ အန္တ ရာယ်တော့ များတာပေါ့။ ဒါမိုးမရွာလို့ မိုးရွာရင်ပိုဆိုးမှာ။ ဆောက်လုပ်ရေးအဖွဲ့က နေပြီးတော့ ဘူဒိုဇာကြီးတွေနဲ့ ဒီလမ်းကို ရှင်းပေးစေချင်တာပါ”ဟု ပြောကြားသည်။
အဆိုပါ ကသာ-အင်းတော်-မံစီလမ်းပိုင်း အင်းရွာနှင့် သက္ကယ်ကျင်း ရွာကြား မိုင်တိုင်အမှတ်၂၀/၂ နှင့် ၃ ကြားရှိ ပြတ်ရွေ့ကြောမှာ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုပြတ်ရွေ့ခဲ့ပြီး ယခုအခါ အချိန် ငါးလကျော်ကြာသည်အထိ ပြိုဆင်းနေခြင်းကြောင့် ဒေသခံများက မိုးတွင်းကာလ မရောက်မီ ပြုပြင်ပေးစေချင်ကြောင်း သိရသည်။
ကသာ-အင်းတော်-မံစီ လမ်းပိုင်း မိုင်တိုင်အမှတ် ၂၀/၂ နှင့် ၃ ကြားရှိ တောင်ပြိုပြတ်ရွေ့ကြောမှာ ငါးလကျော်သည်အထိ ဆက်လက်ပြိုဆင်းနေ















