လာဘ်ပေးလာဘ်ယူမှုများ ရှိသည့်အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဗဟိုကော်မတီအား နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့သည့် “တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား ဖျက်သိမ်းကြောင်း အကြောင်းကြားခြင်း”ဟူ၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဒါဟာ သမ္မတအမိန့်အရ ပိတ်သိမ်းလိုက်တာပါ။ တရားမဝင် ကုန်သွယ်မှုတားဆီးရေး ဗဟိုကော်မတီအောက်မှရှိတဲ့ ရှမ်းပြည်အရှေ့ပိုင်း တားဆီးရေးအဖွဲ့ကို တိုင်တာ၊ တောတာတွေ အများကြီးရှိတယ်။ သိရသလောက်တော့ အဲဒီကစဖြစ်တယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာ တာချီလိတ်၊ ကျိုင်းတုံကသွားတဲ့ မိုဘိုင်းအဖွဲ့တွေလေ အဲဒီမှာ သစ်တွေ၊ ဘာတွေ မှောင်ခိုတွေ ရှိတယ်မလား။ ကြီးကြီးကျယ်ကျယ် ဖြစ်သွားတယ်။ ဒါပေမဲ့ အသေးစား တစ်နိုင်တစ်ပိုင် ကြက်၊ ဘဲတွေကိုတော့ လိုက်ဖမ်းနေတာပေါ့”ဟု ပြောကြားသည်။
သို့သော် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား ဖျက်သိမ်းမှု၏ အသေးစိတ်ဖြစ်စဉ်ကိုမှု ပြောဆိုရန် အကန့်အသတ်ရှိနေကြောင်း ယင်းနှင့်ပတ်သက်၍ နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။
ကုန်သွယ်မှုပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှုစခန်း နေရာဒေသအသီးသီး၌ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို စစ်ဆေးဖော်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၉၇/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
မှောင်ခိုကုန်သွယ်မှု တားဆီးရေးလုပ်ငန်းစဉ်များတွင် တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့ (Mobile Team) ၊အကောက်ခွန်၊ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းစစ်ဆေးခဲ့ပြီး ရံဖန်ရံခါတွင် မီဒီယာအဖွဲ့အစည်းများကို ဖိတ်ခေါ်မှုများ ရှိခဲ့သည်။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဖွဲ့စည်းခဲ့သည့်ကာလမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလကုန်အထိ ၃၃ လတာအတွင်း တရားမဝင်မှုများနှင့် ဆက်စပ်သည့် ကုန်ပစ္စည်းဖမ်းဆီးရမိမှု ပမာဏမှာ ကျပ်ဘီလျံ ၅၀ အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လာဘ်ပေးလာဘ်ယူမှုများ ရှိသည့်အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဗဟိုကော်မတီအား ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရ















