နာမည်ကြီး ဒီဇိုင်နာတစ်ဦးအား Facebook ပေါ်တွင် ဂုဏ်သိက္ခာကျအောင် ပြုလုပ်သည်ဟုဆိုသည့် အမျိုးသမီးတစ်ဦးအား အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာတွင် နေထိုင်ပြီး SHAYI အမည်ဖြင့် Fashion ဆိုင်များ ဖွင့်လှစ်၍ အောင်မြင်ကျော်ကြားနေသည့် လုပ်ငန်းရှင် ဒီဇိုင်နာတစ်ဦးဖြစ်သူ ဒေါ်မွေဖုန်းဘောက်ရာ (ခ)ဆန်းဘောက်ရာနှင့် ယခင်တည်းက ရင်းနှီးသည့် ဒေါ်ရတနာသိန်းသန်းသည် ၎င်း၏ Facebook စာမျက်နှာပေါ်တွင် “ငါ့ဆီက စိန်တွေ ယူသွားပြီး ပိုက်ဆံမပေးနိုင်လည်း ပစ္စည်းတော့ ပြန်ပေးပါ SHAYI Fashion ဆိုင်က Designer ကြီး ဆန်းဘောက်ရာရေ” ဟူသော စာသားနှင့် အတူအောက်တွင် စိန်ထည်ပစ္စည်းပုံများပေါ်တွင် “ဒါတွေ ဘယ်တော့ပြန်ပေးမှာလဲ” ဟု အင်တာနက်စာမျက်နှာပေါ်တွင် ရေးသားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထိုသို့ ရေးသားထားသည့် အောက်တွင် လူအများစုမှ “အံ့သြစရာကြီး နာမည်ကြီး ဒီဇိုင်နာရဲ့ စာရိတ္တကလည်း၊ ဒီဇိုင်နာကလည်း ဟယ်နှင့် Amous One ကြီးဆိုတော့ ဘယ်သူက လိမ်တယ်ထင်မှာလဲ” စသည့် Comment များရေးသား၍ လည်းကောင်း၊ အခြားအကောင့်များသို့ ပြန့်နှံ့အောင် Share နေသည် ကိုတွေ့ရသဖြင့် ဒေါ်မွေဖုန်းဘောက်ရာ (ခ) ဆန်းဘောက်ရာမှာ အရှက်ရ နာမည်ပျက်ခဲ့ရသည့်အပြင် စီးပွားရေးလောက၌ လုပ်ငန်းတူ မိတ်ဆွေများမှ လူလိမ်တစ်ဦးအဖြစ်သို့ ထင်မြင်စေရန်နှင့် ဂုဏ်သိက္ခာကျဆင်းအောင် Facebook ပေါ်တွင် ရေးသားဖော်ပြခဲ့သည့် ဒေါ်ရတနာသိန်းသန်းအား အရေးယူပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
“အမှုက ဒီဇင်ဘာ ၂၉ ရက်မှာ လာရောက်တိုင်ကြားတာပါ။ ဒီဇိုင်နာက စမ်းချောင်းထဲမှာ အင်တာနက်သုံးနေတုန်း သူ့ကို အဲဒီလို တင်တာတွေ့တော့ ကျွန်တော်တို့ စမ်းချောင်းမြို့မရဲစခန်းကို လာရောက် တိုင်ကြားတာပါ။ ဒီဇင်ဘာ ၃၀ ရက်မှာ ဒီဇိုင်နာကို Facebook ပေါ်မှာ စာတင်ထားတယ်ဆိုတဲ့ သူကို ခေါ်စစ်ဆေးဖို့ ချိန်းထားပါတယ်” ဟု စမ်းချောင်းမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်ကိုဝင်းက ပြောကြားသည်။
ထိုသို့ လာရောက်တိုင်ကြားသဖြင့် စမ်းချောင်းမြို့မရဲစခန်းမှ (ပ) ၄၁၃/၂၀၁၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဒီဇိုင်နာ ဆန်းဘောက်ရာကို Facebook ပေါ်တွင် ဂုဏ်သိက္ခာကျအောင် ပြုလုပ်သည်ဟုဆိုသည့် အမျိုးသမီးတစ်ဦးအား အမှုဖွင့်မှုဖြစ်ပွား















