ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းဖို့

ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းဖို့
Published 30 December 2015
အေးမြတ်မွန်

ဒီနေ့ခေတ်ရဲ့လူမှုဘဝမှာ အချိန်ဆိုတာကို လုယူ သုံးစွဲနေရပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းဆိုတာကို တသီးတသန့်လုပ်ဖို့ အချိန်မပေးဖြစ်တာကြောင့် Gym ဆိုတဲ့ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းအောင် သင်ကြား ပြသပေးတဲ့ Fitness Center တွေ ပေါ်ထွန်းလာပါတယ်။
ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းတယ် ဆိုတာကလည်း လူတိုင်း အလိုအရှိဆုံး ကျန်းမာရေး ဆုလာဘ်တစ်ခုလိုပါပဲ။ Gym ကစားတယ်၊ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာကလည်း အချိန်ကြာတာနဲ့အမျှ လုပ်ဆောင်ရင်းနဲ့ ကျန်းမာရေးလည်း ကောင်းလာပြီး ခန္ဓာကိုယ်ပါ လှပကျော့ရှင်းလာပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ် လှနေတယ်ဆိုရင် ကိုယ်တိုင် ယုံကြည်မှုလည်း ရှိလာပါတယ်။

ယနေ့ခေတ်ရဲ့ ရှုပ်ထွေးလှတဲ့ အချိန်ဇယားတွေကြောင့်လည်း တဖြည်းဖြည်းနဲ့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဖြစ်လာပြီး စားသမျှအကုန် အဆီအဖြစ် စုဝေးလာပါတော့တယ်။ ဒါကြောင့် ကျွန်မတို့ လူမှုအသိုင်းအဝိုင်းမှာ အရင်က မဖြစ်ဖူးတဲ့ အဝလွန်တာ၊ အရွယ်မတိုင်ခင် ဝလာတာတွေကို တော်တော်တွေ့နေရပါတယ်။
ဒါတွေကို ပြန်လည်ချေဖျက်ဖို့ အဆီတွေကို ပြန်လည်ကျဆင်းဖို့ တစ်ခုတည်းသော နည်းလမ်းက လေ့ကျင့်ခန်းနဲ့ ပြန်လည်ကုစားခြင်းပါပဲ။ အချိန်ပေးနိုင်တဲ့ သူတွေအနေနဲ့ လတ်တလော ခေတ်စားလာတဲ့ Gym တွေ၊ Fitness Center တွေကိုသွားပြီး လေ့ကျင့်ခန်း လုပ်ကြပေမယ့် အချိန်မရှိတဲ့၊ အချိန်မပေးနိုင်တဲ့ အိမ်ထောင်ရှင်မတွေ လူကြီး၊ လူငယ်တွေအနေနဲ့က အိမ်မှာအလွယ်တကူ စက်လွတ် လေ့ကျင့်ခန်းတွေ လုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

"လေ့ကျင့်ခန်းကို အခုနောက်ပိုင်းမှာ ခေတ်စားလာတာက မကြာသေးပါဘူး။အရင်ကဆို အရမ်းအသိနည်းလာရာက နောက်ပိုင်းကျတော့ လူတွေက လေ့ကျင့်ခန်းလုပ်ကြတဲ့ အကျိုးကျေးဇူးတွေကို သိလာကြတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဝင်လာပြီး Fitness Center တွေ လာထောင်ကြတယ်။ နောက်ပြီး Celebrity တော်တော်များများကလည်း လေ့ကျင့်ခန်း လုပ်လို့ လှလာကြတဲ့ပုံတွေကိုတင်ပြီး Awareness လုပ်ကြတော့ လူကြီး၊ လူငယ်တွေအကုန်က လေ့ကျင့်ခန်း ပိုလုပ်လာကြတယ်။ နောက်ပြီး ဒီနေ့ခေတ် နောက်ပိုင်းမှာက အဆီအစိမ့် စားစရာတွေက အကုန်မျိုးစုံထွင်ပြီး စားလာကြတော့ အဆီတွေက အကုန်စုလာရော။ စုလာတဲ့အဆီကို ပြန်မချေဖျက်တော့ အဝလွန် လာတာတွေ ဖြစ်လာတာကြောင့် အိမ်မှာနေရင်းတောင် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် ခပ်သွက်သွက် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်"လို့လည်း Gym နည်းပြတစ်ဦးဖြစ်တဲ့ ဦးစန်းမောင်က ပြောပြပါတယ်။
အိမ်မှာနေရင်း လေ့ကျင့်ခန်းလုပ်တာက ပြောတော့ လွယ်ပေမယ့် တကယ့်တကယ် လုပ်ရင်တော့ လုပ်စမရှိတဲ့ လူတွေအတွက် အရမ်းခက်ခဲပြီး တစ်ရက်နှစ်ရက်လောက် လုပ်ပြီးတာနဲ့ လုပ်ချင်စိတ် မရှိကြတော့ပါဘူး။ တကယ်လှချင်တယ်၊ ကျန်းမာချင်တယ်၊ ဝိတ်ကျချင်တယ်ဆိုရင် ရေချိုးခါနီးဖြစ်ဖြစ်၊ နံနက်စောစောဖြစ်ဖြစ် လေ့ကျင့်ခန်းကို ပုံမှန်လေး လုပ်သွားတယ်ဆိုရင် ထူးခြားလာတာကို တွေ့ရပါလိမ့်မယ်။

"ကျွန်မက Fitness Center ကို အချိန်ပေးပြီး မသွားနိုင်တော့ အိမ်မှာပဲ Youtube ကနေကြည့်ပြီး တစ်နေ့ကို နာရီဝက်လောက် အချိန်ပေးပြီးတော့ လုပ်ရတဲ့ လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ လေ့ကျင့်ခန်း လုပ်ပြီးသွားရင် ချွေးပုပ်တွေထွက်ပြီး ခန္ဓာကိုယ်ပေါ့ပါးကာ နေလို့ကောင်းလာတယ်။ အရင်စစချင်း လုပ်တုန်းကတော့ လေ့ကျင့်ခန်း ဆက်မလုပ်ချင်တော့ဘူး။ ဒါပေမဲ့ ကိုယ်နဲ့သက်တူရွယ်တူတွေထက် ကိုယ်က အဆီပိုစုနေတယ် ခံစားလာရလို့ နောက်ပိုင်းသူများတေ ွလှလာတာကို မျက်လုံးထဲမြင်ပြီး အပင်ပန်းခံ လေ့ကျင့်ခန်း လုပ်ဖြစ်ပါတယ်"လို့လည်း ကုမ္ပဏီစာရင်းကိုင် လုပ်ကိုင်နေတဲ့ မရတနာဖူးငုံက ပြောပါတယ်။
လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတဲ့ အကျိုးကျေးဇူးတွေအနေနဲ့  အမောလုံစေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကို ကျစေပါတယ်။ စိတ်ဖိစီးမှုလည်း လျော့ကျစေနိုင်ပါတယ်။ ယောက်ျားလေး၊ မိန်းကလေး  ခန္ဓာကိုယ်မှာ ရှိသင့်တဲ့  ခန္ဓာကိုယ်အချိုးအစားကို ရစေနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ ရစေနိုင်ပါတယ်။ နောက်ပြီး ကျန်းမာရေးအတွက် ရနိုင်တဲ့ အကျိုးကျေးဇူးတွေအနေနဲ့ အသက်ရှည်ရှည် နေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းက ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ဆောင်မှု အားကောင်းစေပြီး ကင်ဆာဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါ တယ်။

အခု မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ Fitness Center တွေ နေရာတော်တော်များများမှာ ဖွင့်လာသလို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာလည်း ဆုရဖူးတဲ့ ပြိုင်ပွဲဝင်ဟောင်းတွေ ကိုယ်တိုင်ဦးစီး ဖွင့်လှစ်လာကြတဲ့ အားကစားစင်တာတွေလည်း များလာပါတယ်။
မည်သည့် လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ အကျိုးရလဒ်ရပုံချင်းက အတူတူပါပဲ။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်တဲ့ နည်းလမ်းမှန်ဖို့ကတော့ လိုပါသေးတယ်။ နောက်တစ်ခုက ဘယ်လောက်ပဲ လေ့ကျင့်ခန်းကို လုပ်တယ်ဆို ပါစေ။ အစားအသောက်နဲ့ ပတ်သက်ပြီး မလျှော့ရင်တော့ ကျန်းမာရေးအတွက် အကျိုးထူး မလာနိုင်ပါဘူး။ နေ့စဉ်စားသောက်လိုက်တဲ့ အဆီပါတဲ့ အစားအစာတွေကြောင့် တစ်ပေါင် အဆီတက်ဖို့ လွယ်ပေမယ့် အဲဒီတစ်ပေါင်အဆီကို ပြန်ခြေဖို့က တော်တော်ခက်ပါတယ်။
ဒါကြောင့် နေ့တိုင်း အချိန်မပေးနိုင်လို့ Fitness Center ကို မသွားဖြစ်ရင်တောင် အိမ်မှာနေရင်း စက်လွတ် လေ့ကျင့်ခန်းတွေကို လေ့ကျင့်ရင်းနဲ့  စိတ်ဖိစီးမှုကင်းပြီး လှပတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အရယူလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Most Read

Most Recent