ရိုးရာမပျက်တဲ့ ပုသိမ်ထီး

ရိုးရာမပျက်တဲ့ ပုသိမ်ထီး
Published 27 December 2015
မင်းသူဝင်းထွဋ်

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ ခရီးတစ်ခု ထွက်အပြီး နေရပ်အပြန်တွင် အိမ်ပြန်လက်ဆောင်ဆိုသည့် လက်ဆောင် ပစ္စည်းများကို ဝယ်ယူသွားလေ့ရှိသည်မှာ ဓလေ့တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ နေရပ်ဒေသ အသီးသီးတွင် ဒေသထွက် ရိုးရာအစားအစာများ လက်ဆောင် ပစ္စည်းများက နေရာတစ်ခုနှင့်တစ်ခု မတူကွဲပြားစွာ ရှိတတ်ကြသည်။ဧရာဝတီတိုင်း ဒေသကြီး၏ ပုသိမ်မြို့ကို လာရောက် လည်ပတ်သည့် ခရီးသွားတိုင်း အမှတ်တရ အိမ်ပြန်လက်ဆောင်ဟုဆိုသည်နှင့် မလွှဲမသေ မြင်ယောင်ကြသည်မှာ ပုသိမ်ဟာလဝါနှင့် ပုသိမ်ထီးသာ ဖြစ်သည်။ခေတ်စနစ်အရ ပြောင်းလဲလာသည့် တိုးတက်မှုများနှင့် ရှားပါးလာသည့် သစ်ဝါးများကြောင့် ပုသိမ်ထီးတစ်လက် ဖြစ်လာဖို့ဆိုသည်မှာ တကယ် လုပ်ငန်းလုပ်ကိုင်ရသူများ ပညာရှင်များ အဖို့မှာ ဖြတ်ကျော်ခဲ့ရသည့် အဆင့်ပေါင်းမှာ မနည်းလှ။ ပုသိမ်ထီး ဘယ်အချိန် ကာလက စပေါ်ပေါက်လာသည် ဆိုသည်ကို ပြန်ပြောနိုင်သည့်သူများမှာ နည်းပါးလှပြီး ပုသိမ်ထီး လုပ်ငန်းရှင်များ ပညာရှင်များပါ နည်းပါးလာခဲ့ရသည်။ပုသိမ်ထီးတစ်လက် ဖြစ်လာဖို့ဆိုသည်မှာ  တောတွင်း သစ်ကြမ်း ဝါးကြမ်းများမှတစ်ဆင့် အဆင့်ပေါင်း လေးဆယ်ကျော် ပါဝင်သည်ဟု ပညာရှင်များက ဆိုကြသည်။ ပုသိမ်ထီးအတွက် အဓိက ကုန်ကြမ်းများကတော့ ထီးတံနဲ့ ခရိုင်များ လုပ်ရန်အတွက် တလကူဝါး၊ ထီးရိုးများ လုပ်ကိုင်ရန်အတွက် ခရင်ဝါး၊ ထီးလက်ကိုင် ထီးဂေါင်းများ လုပ်ကိုင်ရန်အတွက် တောင်မရိုးသစ်၊  မအူရွှေဝါသစ်၊ မအူလက်တံသစ် အမျိုးအစားများ၊ ထီးရွက်များကို သုပ်လိမ်းရန်အတွက် တယ်သီးများမှာ မရှိမဖြစ် လိုအပ်သည့် ကုန်ကြမ်းများပဲ ဖြစ်ပါတယ်။ပုသိမ်ထီး လုပ်ငန်းမှာ အကြမ်းထည် အဆင့်နဲ့ အချောထည် အဆင့်ဆိုပြီး နှစ်မျိုး ခွဲခြားထားပါသေးတယ်။ အကြမ်းထည် အဆင့်များထဲမှာ ထီးလက်ကိုင်၊ ထီးခေါင်းလုပ်ခြင်း၊ ထီးရိုး၊ ထီးလက်လုပ်ခြင်း၊ ထီးရိုး၊ ထီးလက်တွဲခြင်းတို့ကို လုပ်ကိုင်ရပါတယ်။ အချောထည် အဆင့်များထဲမှာတော့ ထီးရိုးနှင့် ထီးလက်များ တွဲဆက်ထားသည့် အကြမ်းထည်ကို ပိတ်စများကပ်ခြင်း ဆေးခြယ်သခြင်း အလှဆင်ခြင်းများ ပါဝင်ပါတယ်။အကြမ်းထည်အဆင့်ပုသိမ်ထီးမှာ ဘုန်းကြီးဆောင်းထီး၊ ကိုရင်ဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ မိန်းမဆောင်းထီး၊ ကလေးဆောင်းထီး၊ အလှဆောင်းထီးဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တောတွင်းကနေ ရရှိလာတဲ့ တလကူဝါး အရင့်များကို အလွယ်တကူ ပိုးမထိုး မဆွေးမြည့်စေရန် ဆေးရည်စိမ်ခြင်း ကျပ်တိုက်ခြင်းများကို လုပ်ဆောင်ပြီးတဲ့နောက်မှာ လုပ်ဆောင်မယ့် ထီးအရွယ်အစား အကျယ်အလိုက်ကို ဖြတ်တောက်ရပါတယ်။ ရရှိလာတဲ့ ဝါးပိုင်းငယ်များရဲ့အပေါ်ယံ အကြောကို ညီညာသွားအောင် ဓားငယ်များဖြင့် ခြစ်ရပါတယ်။ ယင်းနောက်မှာတော့ ဝါးပိုင်းငယ်များကို လေးချောင်းဖြာပြီးတော့ ထီးလက်အရွယ် ဝါးစိတ်များကို စိတ်ရပါတယ်။ ရရှိလာတဲ့ ဝါးစိတ်များကို ချောမွတ်သွားစေရန် လုပ်ငန်းအခေါ် ဗျက်ချရပါတယ်။ ဗျက်ချပြီး ရလာတဲ့ ထီးလက်တံလေးတွေကို ထီးအရွယ်အစားအလိုက် သံစူးငယ်များနဲ့ အပေါက် ဖောက်ရပါတယ်။ ဒီ့နောက်မှာတော့ ထီးလက် အကွေးငယ်များ ဖြစ်လာစေရန် ဗံနစ်နှိုက်ရပါသေးတယ်။ ထီးတံ ကွေးညွှတ်ဖို့ အကောင်းဆုံး အနေအထားကို ရောက်လာပြီဆိုရင် ရထားတဲ့ ထီးလက်လေးတွေကို လေးစိတ် ထပ်မံခွဲပြီးနောက်မှာ ထီးလက်အတွက် လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ထီးရိုးတစ်ခု ဖြစ်လာဖို့ဆိုလျှင်လဲ ခရင်ဝါးကြမ်းများကို လိုအပ်တဲ့ အရွယ်အထိ ပိုင်းဖြတ်၊ ပိုးမထိုးအောင် ဆေးစိမ်မီးရှို့ မှိုင်းခံပြီးနောက်မှာ ထီးအပိတ်အဖွင့် အဆင်ပြေစေဖို့ တစ်ဖြောင့်တည်းဖြစ်အောင် ဖြောင့်ပေးရပါတယ်။ ဖြောင့်ပြီးသော ထီးရိုးတစ်ခုကိုမှ နေပူ လှန်း အခြောက်ခံပြီးနောက်မှာ အပေါ်ယံ ကြေးညှိများကို ရှင်းလင်းပြီးနောက် ထီးချက် (အပိတ်ဖွင့်ခလုတ်) ရိုက်ရန်အတွက် အပေါက်ငယ်လေးများကို ဖောက်ပေးရပါတယ်။ ယင်းနောက်မှာတော့ ထီးဂျက်ပေါက်ငယ်များထဲကို ထီးချက်အဖြစ် တလကူဝါးများကို ဖြတ်တောက်ပြီး ချက်ဆန်ထည့်ပေးပြီးပြီဆိုလျှင် ထီးရိုးပြောင်လက်စေရန်နဲ့ ဝါးမကွဲစေဖို့ ဆေးသုပ်ပေးရပါသေးတယ်။ထီးမလို့ခေါ်တဲ့ ထီးခေါင်းနဲ့ ထီးလက်ကိုင် အတွက်ကိုတော့ တောင်မရိုးသား၊ မအူရွှေဝါ၊ မအူလက်တံ သစ်သားများကို အနေတော် သစ်တုံးလေးများ ပိုင်းဖြတ်ကာ ပွတ်ခုံမှာ ပုံဖော်ပေးရပါတယ်။ ထီးမ အတွက်ကတော့ ထီးလက်များ တပ်ဆင်ဖို့ကို လိုအပ်သော အသေးစိတ် အကြောင်းငယ်လေးများ ပုံဖော်ပေးရ ပြန်ပါတယ်။ တစ်ချိန်က နည်းပညာများ မတိုးတက်ခင် အချိန်က ဒီလုပ်ငန်းတွေကို လွှသွားငယ်များနဲ့ အချိန်ယူ လုပ်ကိုင်ရပေမယ့် အခုချိန်မှာတော့ စက်ကရိယာများ အကူအညီနဲ့ လွယ်ကူနေခဲ့ပါပြီ။ရရှိလာတဲ့ ထီးမ၊ ထီးရိုးများကို ထီးလက်များနဲ့ တွဲဆက်မှုကတော့ လက်မှုပညာ သက်သက်ပါ၊ ထီးလက် ဝါးခြမ်းငယ်များကို အပ်များဖြင့် တွဲချီလျက် ထီးမမှာ တပ်ဆင်ခြင်းဟာ လွယ်ကူလှတဲ့ ပညာရပ်တော့ မဟုတ်ပါဘူး။ တွဲဆက်မှု အနုပညာမှာတော့ ထီးလုံးကို ဝါးရိုတပ်၊ ထီးရိုးတစ်ခုဖြစ်အောင် လုပ်ရပါတယ်။ ထီးလုံးကို လက်ပြားချည်ရန်အတွက် အနေတော် ကွေးညွှတ်နိုင်ဖို့ မီးနဲ့ ထီးတံအပြားကို ကွေးညွှတ် ရပါသေးတယ်။ ကွေးပြီး ထီးတံပြားများကို အပ်ချည်ကြိုးနဲ့ အနားသတ်ချည် ထီးတံများကို လိုအပ်တဲ့ ထီးကွက်ဖြစ်အောင် လက်ကွက် ညှိရပါတယ်။ လက်ကွက်ညှိပြီးသား ထီးတံများကိုတော့ ကော်သုတ်ပြီး ထီးရွက်အဖြစ် အသုံးပြုမယ့် ပိတ်စ အနေတော်လေးကို ထီးခေါင်းထိပ်မှာ ဖောက်ကာ ထီးလက်များပေါ်ကို စွပ်ချပြီး နောက်ထီး ကပ်ရပါတယ်။ ကပ်ပြီးသား ထီးများကို အနားသတ် လှပစေဖို့ လုပ်ငန်းအခေါ် နပတ်ရိုက်ရပါတယ်။ ဒါဆိုလျှင်တော့ ထီးတစ်လက် ဖြစ်လာဖို့ အတော်ကို ပီပြင်သွားပါပြီ။ နပတ်ရိုက်ပြီးသားထီးကို ထီးတံထိပ်စမှ အစများကိုဖြတ်ခါ ထီးခေါင်းထိပ်မှ အစများကို ဖြည်းညင်းစွာ ခွာပြီးနောက်ပိတ်၍ ထီးလက်များပေါ်မှာ ကပ်နေသော ကော်များကို အနားသတ် ချောစေရန် ထီးဇောင်းများကို လက်နှင့်တိုက်၍ ချိုးပေးရပါသေးတယ်။ ဒီ့နောက်မှာတော့ ထီးလုံးသွားစေလို့ ထီးလုံးကို ဝါးရိုးခွေလုပ်ကာ စွပ်ပြီး ထီးလုံး လှည့်ရပါတယ်။ လုံးသွားသော ထီးလုံးမျာကိုမှ ထိပ်စမှ စက္ကူအမာခံနှင့် ပထမအဆင့် ကော်နှင့်ပတ် ကော်ခြောက်သွားလျှင် အပေါ်မှ မှိုင်းခံတပ်ပြီးတော့ အုပ်ရပါတယ်။ ဒီနောက်မှာတော့ ဆေးခြယ်သခြင်းပါပဲ။အချောထည်လုပ်ငန်း             အချောထည် လုပ်ငန်းမှာတော့ ထီးလုံးမှ ထီးရွက်များ ရေစိုခံစေဖို့ ကနဦးစွာ တည်သီးများကိုထောင်း အပုပ်ခံပြီးတော့ ထီးရွက်များကို သုတ်လိမ်းရပါတယ်။ သုတ်လိမ်းပြီးသား ထီးရွက်များကိုတော့ ထီးအမျိုးအစားအလိုက် လိုအပ်တဲ့ ဆေးခြယ်သမှုများကို လုပ်ဆောင်ပြီးမှ ဆေးသားများ ခိုင်ခံ့ဖို့နဲ့ လှပဖို့ ဖယောင်းနဲ့ ဒီဇယ်ဆီရောကျိုထားတဲ့ အရည်များနဲ့ သုတ်လိမ်းရပါတယ်။ သုတ်လိမ်းပြီးသွားတဲ့ ထီးများကို အလှပန်းဖွားများ တပ်ဆင်ပြီးတဲ့ နောက်မှာတော့ လိုအပ်တဲ့ ထုပ်ပိုးမှုများ ပြုလုပ်ပြီးလျှင် ဈေးကွက်ကို တင်ပို့နိုင်ပါပြီ။ ပုသိမ်ထီးတစ်လက် ဖြစ်လာဖို့ဆိုသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေမယ့် ဈေးကွက်အတွင်းမှာ ရရှိတဲ့ ဈေးနှုန်းကတော့ နိုင်ငံရပ်ခြားကနေ ဝင်ရောက်လာတဲ့ ထီးအကောင်းစားများရဲ့ ဈေးနှုန်းကိုတောင်မှ မမီခဲ့ပါဘူး။ ထီးလုပ်ငန်းရှင်များဟာ စီးပွားရေးလုပ်ငန်း တစ်ခုဆိုသည်ထက် မိဘဘိုးဘွား အမွေအနှစ်ကို ထိန်းသိမ်းလိုသူများသာ များလှပါတယ်။“ကျွန်မက မိဘအမွေကို ထိန်းသိမ်းတာပါ။ စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ လုပ်တာမဟုတ်ဘူး။ ကျွန်မအဘေး ဦးကျောက်လုံးဆိုရင် နာမည်ကြီး ထီးပညာရှင်ပါ။ ကျွန်မက မြစ်တော်တယ်။ အရင်ကတော့ အရောင်းအဝယ် လည်းကောင်း၊ ကုန်ကြမ်းကလည်း ဈေးချို အရည်အသွေးလည်း ကောင်းတော့ အဆင်ပြေပါတယ်။ ထီးကောင်းတစ်လက် ဖြစ်လာဖို့ဆိုရင် အနည်းဆုံး တစ်လကျော်ထိ အချိန်ယူရတယ်။ အခုနောက်ပိုင်းမှာ ကုန်ကြမ်းကလည်း ရှားလာတယ်။ ကျွမ်းကျင်တဲ့သူတွေလည်း နည်းလာတယ်။ ကျွန်မတို့ကတော့ ရိုးရာမပျက် ဆက်ပြီးတော့ ထိန်းသိမ်းထားချင်လို့ အခုလို လုပ်ကိုင်နေတာပါ” လို့ ဦးကျောက်လုံး ပုသိမ်ထီး လုပ်ငန်းမှ  ဒေါ်သီတာထွန်းက  ဆိုပါတယ်။ပုသိမ်မြို့ဟု ဆိုသည်နှင့် ပုသိမ်ထီးကို လူတိုင်းက တွဲဖက်မြင်မိနိုင်တဲ့ ရိုးရာမြန်မာမှု လုပ်ငန်းတစ်ခု မပပျောက်ရေးဆိုတာ လုပ်ငန်းရှင်များ ဆက်လက် ရပ်တည်နိုင်ရေး၊ ကုန်ကြမ်းများ အရည်အသွေး ပြည့်မီစွာ ရရှိနိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ရေးဆိုတဲ့ လိုအပ်ချက်များစွာ လိုအပ်နေပါတော့တယ်။

Most Read

Most Recent