ဖားကန့်ဒေသ ကန်ခမ်စုပေါင်းမြေစာပုံမှာ ထပ်မံပြိုကျနိုင်သည့် အခြေအနေကြောင့် နစ်မြုပ်သေဆုံးသွားသူများအား အန္တရာယ်မရှိသည့် နေရာ၌သာ ရှာဖွေမှုပြုလုပ်မည်

ဖားကန့်ဒေသ ကန်ခမ်စုပေါင်းမြေစာပုံမှာ ထပ်မံပြိုကျနိုင်သည့် အခြေအနေကြောင့် နစ်မြုပ်သေဆုံးသွားသူများအား အန္တရာယ်မရှိသည့် နေရာ၌သာ ရှာဖွေမှုပြုလုပ်မည်
Published 27 December 2015
အောင်ဟိန်းမင်း (ဖားကန့်)

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုအတွင်းရှိ ကန်ခမ်စုပေါင်းမြေစာပုံမှာ ဒီဇင်ဘာ ၂၅ ရက် နေ့ညနေပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေသော ဒေသခံအများအပြား မြေစာ နစ်မြုပ်သေဆုံးသွားခဲ့ကြောင်း သိရသည်။ကန်ခမ်စုပေါင်း မြေစာပုံရှိ ရာဇဌာနီကုမ္ပဏီမှ မြေစာစွန့်ပစ်သောအခြမ်းတွင် ဒီဇင်ဘာ ၂၅ ရက် ညနေ၄ နာရီ မိနစ် ၃၀ ဝန်းကျင် အချိန်က ပြိုကျခဲ့ခြင်းဖြစ်ပြီး မျက်မြင်ကြုံသူ ရေမဆေးသမားများ၏ ပြောကြားချက်အရ ခန့်မှန်းခြေလူ ၅၀ ခန့် နစ်မြုပ်နေနိုင်သော်လည်း ရှာဖွေမှုပြုလုပ်ရာတွင် မြေစာ ထပ်မံပြိုကျနိုင်သည့် အခြေအနေကြောင့် ကုမ္ပဏီမှ အန္တရာယ်မရှိသည့်နေရာတွင်သာ ရှာဖွေမှု ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ရာဇဌာနီကုမ္ပဏီမှ ဆက်ဆံရေးတာဝန်ခံ ဦးမျိုးလွင်က “အခု ဘက်ဟိုးလေးစီးနဲ့ ရှာပေးနေပါတယ်။ ကာယကံရှင်တွေကနေ ဒီနေရာမှာ မြုပ်နိုင်မယ်ထင်တယ်လို့ ပြောတဲ့နေရာတွေမှာ ရှာဖွေပေးသွားမှာပါ။ ဟိုဘက်တောင် အစပ်တွေမှာပဲ ရှာလို့ရမှာပါ။ ဒီမြေစာပုံ အောက်ခြေနားကို ကပ်ရင်ထပ်လို့ ပြိုကျနိုင်သေးတယ်။ ရှာဖွေပေးတဲ့ စက်သမားတွေအနေနဲ့ အန္တရာယ်ရှိတယ်။ နစ်နာကြေးကိစ္စကတော့ ဒီလို မြေစာပုံမှာဖြစ်တဲ့ကိစ္စကို ပေးလေ့မရှိပါဘူး။ အခုထိတော့ ပေးဖို့ အစီအစဉ်မရှိသေးဘူး။အဆိုပါ မြေစာပြိုကျမှုဖြစ်ပေါ်သည့် ရာဇဌာနီကုမ္ပဏီမှာ မြန်မာ့တကောင်းမှ အမည်ပြောင်း လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒေသခံများမှာ အဆိုပါမြေစာပုံအား မြန်မာ့တကောင်း မြေစာပုံ၊ မိုက်ကျဲမြေစာပုံဟုလည်း ခေါ်ဆိုကြသည်။ဒီဇင်ဘာ ၁၄ ရက်ကလည်း အဆိုပါ မြေစာပုံနှင့် ကပ်လျက်ရှိ ထွန်းတောက်ဇမ္ဗူကုမ္ပဏီမှ မြေစာပုံ ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး အပေါ်ယံ မြေစာပုံ အက်ကြောင်း ဖြစ်ပေါ်နေဆဲနှင့် အောက်ခြေ ရေစိမ့်ထွက် အနေအထားအရ မြေစာပုံ ထပ်မံပြိုကျနိုင်ကြောင်း ဒေသခံများ သုံးသပ်နေကြဆဲတွင်ပင် ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက ထပ်မံပြိုကျခဲ့ခြင်း ဖြစ်သည်။“ကားနားခါနီး နောက်ဆုံးကားသွန်တဲ့အချိန် ကားထွက်သွားပြီးတော့ ပြိုကျခဲ့တာပါ။ မြေစာပုံပြိုကျတဲ့အချိန် ကျွန်တော်လည်း အောက်ခြေမှာ ကျောက်ရှာနေတာ။ ထွက်ပြေးတာ လွတ်သွားတယ်။ ကျွန်တော့်နောက်မှာ ကျန်ခဲ့တဲ့ မြေစာမြုပ်သွားတဲ့လူတွေအများကြီးပဲဗျ။ ခန့်မှန်းခြေကတော့ သူများတွေပြောနေကြသလို ၅၀ လောက် မြုပ်သွားနိုင်တယ်။ အဲဒီအချိန် ကျောက်ရှာနေတဲ့လူတွေကလည်း နှစ်ရာကျော်လောက် ရှိတယ်လေ။ မြေစာက ပြိုကျမယ်ဆိုတာ ကျွန်တော်တို့ အစကတည်းက သိပါတယ်။ မပြိုကျခင် တစ်ရက်လောက်ကတည်းက မြေစာက တစ်ပေလောက်ကွာအောင် အက်ကြောင်းထနေတာ။ ဒါကို မသာသနပ်ခါးလိမ်းသလို အပေါ်ကပဲ မြေစာတွေပြန်ဖို့ပြီး ညှိထားခဲ့တယ်” ဟု ကန်ခမ်ရွာသစ်မှ ရေမဆေးသမားတစ်ဦးက ပြောကြားသည်။ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လူအများကြီး သေတယ်လို့တော့ အပြင်မှာ ပြောနေကြတယ်။ အခု ကျွန်တော်တို့ဆီမှာ စာရင်းလာပေးတာ သုံးယောက်ပဲ ရှိသေးတယ်။ ရှာဖွေမှုကိုတော့ လူမှုကူညီရေးအသင်းတွေ၊ မီးသတ်တွေနဲ့ ကုမ္ပဏီက ရှာဖွေပေးနေပါတယ်။ ဒီပြိုကျမှုနဲ့ ပတ်သက်ပြီးပြောရရင် ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အခုပြိုကျတဲ့ မြေစာပုံကို မညွှန်ကြားရသေးဘူး။ သူ့ထက်မြင့်နေတဲ့ ဟို တစ်သုံးလုံးဘက်က မြေစာပုံတွေကိုပဲ ပြောထားသေးတယ်”ဟု ပြောကြားသည်။           

Most Read

Most Recent