အစိုးရအဖွဲ့ထံပေးပို့ထားသည့် တိုင်ကြားစာများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွှယ်နေသည့်အတွက် ကိုင်တွယ် ဖြေရှင်းခြင်း မရှိဟုယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက “တိုင်စာတွေရဲ့ ရာခိုင်နှုန်း ၈၀ ကျော်က ဘာနဲ့ သွားဆက်စပ်နေလဲဆိုတော့ အဂတိလိုက်စားမှုရယ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့်မို့လည်း အစိုးရအဖွဲ့အနေနဲ့ အဲဒီတိုင်စာတွေကို မကိုင်တွယ်ဘဲ ထားရှိနေတာဖြစ်ပါတယ်။ အဲဒီတိုင်စာတွေကို တကယ်ပဲ Action ယူမယ်ဆိုရင် ဆင့်ကဲ ဆင့်ကဲ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့လည်း အစိုးရအဖွဲ့အနေနဲ့ အဲဒီတိုင်စာတွေ ကို လွှတ်တော်က ဘယ်လောက်ပဲ တင်ပြတင်ပြ ဖော်ထုတ်ခြင်းမပြုတာလို့ သုံးသပ်မိတယ်”ဟု ပြောကြားသည်။ဆက်လက်၍ “လွှတ်တော်ကနေ ပေးပို့တဲ့ တိုင်ကြားစာတွေဟာ ဒီအတိုင်း တိုင်ကြားခြင်း မဟုတ်ပါဘူး။ တိုင်စာတွေအပေါ်မှာ လွှတ်တော်ကော်မတီအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ ပြီးမှ အစိုးရအဖွဲ့ဆီကို ပေးပို့ခြင်းဖြစ်ပါတယ်။ အဲဒါကို စုံစမ်းစစ်ဆေးခြင်း မပြုဘဲထားတယ်ဆိုတာကတော့ အဂတိတရားတွေနဲ့ ပတ်သက်နေတာလည်း ပါတယ်”ဟု ပြောကြားသည်။တိုင်ကြားစာများအားလုံးကို ဖြေရှင်းပေးခြင်းမပြုသည်ကို ပြည်သူများအနေဖြင့် သင်ခန်းစာယူသင့်ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဖွဲ့၏ သက်တမ်းလဲ သိပ်မကျန်တော့ကြောင်း၊ လွှတ်တော်က တင်လာသည့် မေးခွန်းများဆိုလဲ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဟု ဖြေဆိုသည်က များနေကြောင်း၊ လွှတ်တော်မှ လွှဲပေးသည့် တိုင်ကြားစာများကိုလည်း အပြည့်အ၀ Action ယူမှုမရှိကြောင်း၊ ကတိကဝတ် ဖြစ်ခဲ့သည်များကိုပါ မလုပ်ပေးနိုင်တော့ဟုဆိုပြီး လွှတ်တော်တွင် လာရောက် ပြောကြားသွားသည့် အစိုးရမျိုး ရှိခဲ့ဖူးသည်ဆိုသည်ကို ပြည်သူများအနေဖြင့် သင်ခန်းစာယူရမည် ဖြစ်ကြောင်း၊ ထို့အတွက် လက်ရှိအစိုးရအဖွဲ့က ဆက်လက်တာဝန်ထမ်းဆောင်ခွင့် မရတော့ဘဲနဲ့ သက်တမ်းတစ်ရပ်တည်းသာ ထမ်းဆောင်ခွင့် ရခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၏ ရလဒ်သည် ပြည်သူများ၏ အဖြေဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တက်လာမည့်အစိုးရများ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်သွားရန် လိုအပ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။“ဘယ်အစိုးရက ပြည်သူ့ဘက်က ရပ်သလဲ။ ပြည်သူတွေရဲ့ ခံစားချက်၊ လိုလားချက်တွေကို အကောင်အထည် ဖော်ပေးသလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်ရမှာပါ။ ပြီးခဲ့တဲ့အစိုးရရဲ့ အဓိကအားနည်းချက်က ပြည်သူနဲ့ ကင်းကွာတာပဲ။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနဲ့ အာဏာရယူခဲ့တာဆိုတော့ ပြည်သူတွေကို မစာနာတတ်ဘူး။ ပြည်သူတွေနဲ့ တစ်သားတည်း မရှိတော့ မစာနာတတ်ဘူး ဖြစ်သွားတာပေါ့။ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်နေတယ်။ ဒီအတွက်ကြောင့် နစ်နာသူတွေဟာ ဘယ်လောက်ထိ ဆုံးရှုံးမှုများတယ်။ ဘဝတွေပျက်ခဲ့တယ်။ သူတို့က ဘာနဲ့ တိုင်းတာလဲဆိုတော့ ငွေရေးကြေးရေးနဲ့ပဲ တိုင်းတာတယ်။ ပြည်သူတွေရဲ့ နစ်နာမှုတွေက သူတို့အတွက် ပြက်ရယ်ပြုစရာ ဖြစ်နေမှာပေါ့။ သူတို့တွေကတော့ အင်မတန်မှကို ကြွယ်ဝချမ်းသာနေတဲ့ သူတွေဖြစ်နေတယ်။ နေထိုင်မှု အဆင့်အတန်းကအစ၊ သားသမီးတွေရဲ့ ပညာရေးကအစ ပြည်သူတွေနဲ့ အရမ်းကွာဟနေတယ်။ ပြည်သူတွေရဲ့ဘဝတွေနဲ့ အရမ်းကို ကွာဟနေတော့ ပြည်သူတွေကို မစာနာတတ် ဘူးပေါ့။ အဲဒီအတွက်ကြောင့်မို့ တိုင်ကြားစာတွေကို အရေးမယူဘဲ လျစ်လျူရှုနေတာပေါ့”ဟု ၎င်းကဆက်လက်ပြောကြားသည်။တိုင်စာများအား ဖြေရှင်းမည်ဆိုပါက အကုန်လုံးက ချိတ်ဆက်နေကြောင်း၊ ဆရာမွေး၊ တပည့်မွေးများပြီး ကိုယ့်ကို ပြန်ထိမှာလည်း စိုးသည့်အတွက် ကာပေးကြမှုများ ရှိနေကြောင်း၊ ထို့အတွက် ပြည်သူများ၏ တိုင် ကြားချက်များကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။“ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကနေ မေးခွန်းတွေ၊ အဆိုတွေတင်ပြီး တောင်းဆိုနေရတာပါ။ ဥပမာပြောရရင် စာသင်ကျောင်းတို့၊ လမ်းတံတားတို့တွေလိုပေါ့။ ဒါပေမဲ့ ပြည်သူကလည်း မတောင်းဆိုတဲ့ ခုံးကျော်တံတားတွေကျတော့ ရန်ကုန်မြို့မှာ တည်ဆောက်နေတယ်။ ခုံးကျော်တံတား တည်ဆောက်နေတော့ ယာဉ်ကြောပိတ်ဆို့မှုက နေ့စဉ်ဖြစ်ပေါ်နေတယ်။ တည်ဆောက်ပြီးခဲ့တဲ့ ခုံးကျော်တံတားတွေကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်လားဆိုတော့လည်း မဖြေရှင်းနိုင်ဘူး။ ဘတ်ဂျက်အများကြီး ကုန်ကျတဲ့ စီမံကိန်းတွေပဲ ဆောင်ရွက်နေတယ်။ ပြည်သူက မတောင်းဆိုဘဲနဲ့ ဘတ်ဂျက်များများ၊ ငွေကြေးပမာဏ များများရှိတဲ့ စီမံကိန်းမျိုးဆိုရင်တော့ လုပ်တယ်။ ပြည်သူတွေနစ်နာတဲ့ ကိစ္စတွေကျထည့်သွင်းစဉ်းစားခြင်း မရှိတာကတော့ အတော့်ကို ဝမ်းနည်းဖွယ်ကောင်းပါတယ်။ ပြည်သူတွေအနေနဲ့ သင်ခန်းစာယူဖို့ ကောင်းနေ ပါပြီ”ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ထို့အပြင် လွှတ်တော်ကော်မတီများ အနေဖြင့် ရရှိလာသည့် တိုင်ကြားစာများအား အစိုးရအဖွဲ့ထံသို့ ပေးပို့လျက်ရှိကြောင်း၊ ဆောင်ရွက်ပေးရမည့် တာဝန်သည် အုပ်ချုပ်ရေးပိုင်းတွင်သာ တာဝန်ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ပေးခြင်း မရှိသည်မှာ Check and Balance အားနည်းသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ အပြန်အလှန် လေးစားမှုရှိရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ၏ တင်ပြချက်များအား လျစ်လျူရှုသည်မှာ ပြည်သူများကို စော်ကားသည်နှင့် တူကြောင်း၊ ကော်မတီများအနေဖြင့် တင်ပြသည်သာ ရှိနေကြောင်း၊ နိုင်ငံတကာတွင် အုပ်ချုပ်ရေးပိုင်း၏ အမှားအယွင်းများလာပါက အယုံအကြည်မရှိဘူးဆိုပြီး လုပ်ဆောင်မှုများ ရှိကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် အစိုးရအဖွဲ့သို့ ၂၀၁၁ ခုနှစ်တွင် အမှုတွဲပေါင်း ၉၅ မှုပေးပို့ခဲ့ပြီး ၅၇ မှုသာ ပြန်ကြားကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အမှုတွဲပေါင်း ၄၆၀ ပေးပို့ခဲ့ ကာ ၁၈၁ မှုသာ ပြန်ကြားခဲ့ကြောင်း၊၂၀၁၃ ခုနှစ်တွင် အမှုတွဲပေါင်း ၅၄၆ မှုပေးပို့ခဲ့ပြီး ၁၅၅ မှုသာ ပြန်ကြားကြောင်း၊၂၀၁၄ ခုနှစ်တွင် အမှုတွဲပေါင်း ၁၅၄ မှုပေးပို့ခဲ့ရာ ၅၂ မှုသာ ပြန်ကြားကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အမှုတွဲပေါင်း ၂၀ ပေးပို့ခဲ့ရာ ခုနစ်မှုသာ ပြန်ကြားခဲ့ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။အဂတိလိုက်စားသည်ဟု ယူဆရသည့် တိုင်ကြားစာများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ပေးပို့ထားသည့် အမှုတွဲများရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ထံတွင် အမှုတွဲလက်ကျန်များ ကျန်ရှိနေသေးသည်ကို စိစစ်တွေ့ရှိရကြောင်း၊ တိုင်ကြားစာကော်မတီကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပိုင်းမှ အလေးအနက်ထားကာ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း အမျိုးသားလွှတ်တော်ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့ထံ ပေးပို့ထားသည့် ပြည်သူများထံမှ တိုင်ကြားစာများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွှယ်နေသည့်အတွက် ကိုင်တွယ်ဖြေရှင်းခြင်း မရှိဟု ယူဆကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောကြား















