အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စတင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယင်းညီလာခံမစခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူနိုင်ရေး ကြိုးစားနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။NCA လက်မှတ်ထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့နှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့တို့ ပူးပေါင်း၍ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတစ်ရပ် ခေါ်ယူရန် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ထိုးပွဲ မတိုင်မီကတည်းက ပြုလုပ်ခဲ့သည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။ပဒိုစောကွယ်ထူးဝင်းက “ညီလာခံမစခင် တွေ့ဆုံနိုင်ဖို့ကတော့ ကျွန်တော်တို့ ကြိုးစားနေတာပဲ။ ကျွန်တော်တို့က သူတို့ကို အသိပေးပြီးပြီ။ တကယ်တမ်းဆိုရင် ဒီလမတိုင်ခင် တွေ့ချင်တယ်လို့ အသိပေးထားတယ်။ ကျွန်တော်တို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေက သုံးကြိမ်သွားတွေ့ပြီးပြီ။ မူလက သဘောတူထားတဲ့ တိုင်းရင်းသားထိပ်သီး ညီလာခံတစ်ခု ပြန်ခေါ်မယ်ဆိုတာ ကျွန်တော်တို့ တင်ပြပြီးပြီပဲ။ ဟိုဘက်က အကြောင်းပြန်မှု မရှိဘဲ ဘယ်လိုသွားပြီး စီစဉ်လို့ရမှာလဲ။ ဒါပေမဲ့ တစ်ခုတော့ ရှိမှာပေါ့။ သူတို့ရဲ့ မျှော်လင့်ချက်က လက်ရှိတက်မယ့် အစိုးရက ငြိမ်းချမ်းရေးအတွက် အကောင်အထည် ဖော်တဲ့နေရာမှာ ပိုပြီး လက်တွေ့ကျမယ့် အကောင်အထည် ဖော်မှုရှိမလားဆိုတဲ့ မျှော်လင့်ချက်တော့ ရှိမှာပေါ့လေ”ဟု ပြောကြားသည်။NCA လက်မှတ်မထိုးရသေးသည့် ကရင်နီ အမျိုးသားလွတ်မြောက်ရေးပါတီ(ုKNPP) ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်က NCA လက်မှတ်ထိုးသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ၏ တွေ့ဆုံမှုမှာ နှစ်သစ်ကူးပြီးမှသာ ဖြစ်လာဖို့များသည်ဟု ဒီဇင်ဘာ ၂၅ ရက်က ပြောကြားသည်။ဦးခူဦးရယ်က “ကျွန်တော်တို့ဘက်မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိတယ်လို့တော့ မဟုတ်ဘူးဗျ။ ဒီရှစ်ဖွဲ့ကလည်း လက်မှတ်ထိုး ပြီးတဲ့နောက်မှာ သူတို့ဆက်လက်ပြီးတော့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေရှိနေသလိုပဲ ကျွန်တော်တို့ ဘက်ကလည်း အစည်းအဝေးနဲ့ တိုက်ဆိုင်နေတာလည်း ရှိပါတယ်။ သို့သော် သူတို့ဘက်က အဆင်သင့် ဖြစ်တယ်ဆိုရင် ကျွန်တော်တို့ဘက်က အချိန်ပေးလို့ ရပါတယ်”ဟု ပြောကြားသည်။NCA လက်မှတ်ထိုးပြီးနောက်ပိုင်း လက်မှတ်ထိုးခဲ့သည့် အဖွဲ့များနှင့် မထိုးသေးသည့် အဖွဲ့များအကြား ညီညွတ်မှု အားနည်းသွားသည့် အခြေအနေများ ရှိနေသည့်အပေါ် ဦးခူဦးရယ်က “ဒါက ဒီနိုင်ငံရေး ရည်မှန်းချက် ဦးတည်ချက်တွေက အားလုံးတူညီပြီးသားပါ။ သွားတဲ့အခါမျိုးတွေမှာ လုပ်ဆောင်ချက်တွေမှာ ကွဲပြားမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ညီညွတ်မှုမရှိဘူးလို့ ပြောလို့မရ ဘူးလို့ထင်ပါတယ်”ဟု ပြောကြားသည်။“ကျွန်တော်တို့ စုစည်းမှုက NCA အပေါ်အခြေခံပြီး စုစည်းကြတာပဲ။ ငြိမ်းချမ်းရေး တည်ဆောက်လို့ရှိရင်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးသွားမယ်ဆိုရင်လည်း ဒီလမ်းအပေါ်မှာပဲ သွားမယ်လို့ ကျွန်တော်တို့က အဲ ဒီလိုခံယူတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ NCA လက်မှတ်မထိုးရသေးသည့် အစိုးရ အသိအမှတ်ပြု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားသွားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။်
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမစမီ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးသည့် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူနိုင်ရန် ကြိုးစားနေဟုဆို















