သမိုင်းများ ဖြစ်တည်ခဲ့ရာ ဒုဋ္ဌဝတီ မြစ်နံဘေးက လိမ္မော်မြေ

သမိုင်းများ ဖြစ်တည်ခဲ့ရာ ဒုဋ္ဌဝတီ မြစ်နံဘေးက လိမ္မော်မြေ
Published 21 December 2015
ထွန်းနေလှိုင်(နောင်ပိန်)

(၁)
ရှမ်းပြည်နယ် ဒီဇင်ဘာလ၏ အအေးဒဏ်က လွန်ကဲလွန်းလှသည်။ မနက်စောစော ခရီးထွက်မည်ဟု စီစဉ်ထားသည့်အတိုင်း ခရီးထွက်ဖို့ ပြင်ဆင်ပြီး အိမ်မှထွက်လာတော့ လမ်းတစ်လျှောက် နှင်းတွေ ပိတ်နေသည်။ ကိုယ်ပေါ်ကို နှင်းစက်တို့ ပြေးဝင်ကပ်လာသည်က မိုးမိထားသလိုပင်။
အမှန်တော့ ကျွန်တော်သွားမည့်ခရီးက သီပေါမြို့ကိုဖြစ်ပြီး လားရှိုးနှင့် မိုင် ၅၀ နီးပါးသာ ဝေးသလို လမ်းလည်း ကောင်းသောကြောင့် သိပ်အခက်အခဲမရှိလှ။ ဒီခရီးကို ဒီအချိန် ဒီရာသီဥတုမှာ ဆိုင်ကယ်နှင့် မသွားသင့်ပေမယ့် ကိုယ်က ဓာတ်ပုံသမားပီပီ ဆင်းချင်တဲ့နေရာ ဆင်းပြီး ဓာတ်ပုံရိုက်ချင်သည်မို့ ဆိုင်ကယ်နှင့်သာ သွားဖြစ်ခဲ့သည်။
လမ်းတစ်လျှောက် နှင်းထုကို ထိုးထွက်ကာ ဒုဋ္ဌဝတီ မြစ်ကမ်းတစ်လျှောက်ရှိ လိမ္မော်ခြံ၊ ကမ္ဗလာခြံ၊ နာနတ်ခြံတို့အား ဖြတ်သန်းရင်း နံနက် ၉ နာရီ ထိုးပြီးချိန်တွင်တော့ သီပေါမြို့ကို ရောက်ရှိလေသည်။သို့သော် နေကမထွက်သေး။မောဝ်ရှမ်းမြေ၏ ဆောင်းတွင်း နေ့ရက်များတွင် နေထွက်ချိန်က နောက်ကျလွန်းလှသည်။
သီပေါမြို့တွင်းသို့ ဝင်ရောက်သည်နှင့် နိုင်ငံခြားခရီးသွားများ လမ်းတစ်လျှောက် တွေ့နေရသည်။တချို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားလက်ဆုံ ကျနေကြသည်။ တချို့သီပေါမြို့၏ ခပ်ကျဉ်းကျဉ်း လမ်းများပေါ် လမ်းလျှောက်ရင်း နယ်မြေဒေသဆိုင်ရာများ လေ့လာနေကြသည်။
သီပေါမြို့နှင့်ပတ်သက်ပြီး စကားပြောမိကြသည့် အခါတိုင်း ပြောစမှတ်ရှိသည့် စကားရပ်တစ်ခုရှိသည်။ “အပျိုချော သီပေါ”ဟူ၍ဖြစ်ပြီး ဆရာမြသန်းတင့်၏ “လွမ်းမောဖွယ် ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ” စာအုပ်တွင် သီပေါမြို့သို့ ရောက်ရှိစဉ် “အပျိုချော သီပေါ”ဟူသော စကားအား သုံးနှုန်းခဲ့ဖူးသည်။
သီပေါမြို့သည် ရှေးယခင် စော်ဘွားကြီးများ အုပ်ချုပ်စဉ်က သီပေါ (၄)မြို့ဟု ခေါ်တွင်သော သီပေါနယ်၊ မိုင်းလုံနယ်၊ သုံးဆယ်နယ်နှင့် မိုင်းတုံနယ်တို့တွင် ပါဝင်သည့် နယ်မြေ အစိတ်အပိုင်းဖြစ်ပြီး ထိုစဉ်က သီပေါမြို့နယ်တွင် ပါဝင်သော တိုက်နယ်များမှာ သီပေါမြို့မ၊ မိုးတေ၊ ဘော်ကြို ကျင်သီ၊ အုံမုကွန်ကော်၊ မိုင်းလင်း၊ နားမခေါ်၊ နမ့်လန်၊ မန်လီ၊ မိုင်းခေး၊ ဆောင်ကြဲနှင့် ဆိုင်ကျော့ တိုက်နယ်များ ဖြစ်ကြောင်း သမိုင်းမှတ်တမ်း များအရ သိရသည်။
လက်ရှိအချိန်တွင် သီပေါမြို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်တွင် တည်ရှိပြီး မန္တလေး-လားရှိုး ကားလမ်းနှင့် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ မန္တလေးမြို့မှ မိုင်ပေါင်း ၁၃၀ နှင့် လားရှိုးမြို့မှ မိုင်ပေါင်း ၄၅ မိုင် အကွာအဝေးတွင် တည်ရှိပြီး ဒုဋ္ဌဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။
သီပေါမြို့သည် ပင်လယ်ရေ မျက်နှာပြင်အမြင့် ၁၃၀၀ ကျော်သာ မြင့်သော ကုန်းမြင့်လွင်ပြင်တွင် တည်ရှိခြင်း၊ အနီးအနားတစ်ဝိုက်တွင် တောင်တန်းများ ကာဆီးထားခြင်းကြောင့် မိုးရေချိန်နည်းပါးကာ ပူနွေးသော ရာသီဥတုကို ရရှိပြီး နွေရာသီကာလများတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများ အတွင်းရှိ အခြားဒေသများထက် အပူချိန် များလေ့ရှိကြောင်း သိရသည်။
(၂)
ရှေးယခင် စော်ဘွားများ လက်ထက်တွင် သီပေါနွေအား ရှောင်ရှားနိုင်ရန် ယခုကျောက်မဲမြို့နယ် အတွင်းရှိ စခန်းသာဟော်တွင် သွားရောက် အပန်းဖြေလေ့ ရှိကြကြောင်း သိရသည်။
“စခန်းသာဟော်ကို စဝ်ခွန်ဆိုင် လက်ထက်မှာ ဆောက်တယ်။ ဒါပေမဲ့မပြီးတော့ ဆာစောချယ် လက်ထက်မှာ ပြန်ပြီးဆက်ဆောက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီဆိုရင် သီပေါမှာ သိပ်ပူတော့ ခြောက်လ စခန်းသာ ဟော်နန်းမှာ သွားနေတယ်။ ရုံးအဖွဲ့တစ်ဖွဲ့လုံးကို ခေါ်တယ်။ စော်ဘွားတွေအားလုံး အာဏာစွန့်တော့ သူတို့ရဲ့ပိုင်တဲ့ ပစ္စည်းတွေကို အပ်ရတယ်လေ။သီပေါစော်ဘွားက စခန်းသာဟော်ကို ရှမ်းပြည်နယ်အစိုးရကို အပ်လိုက်တယ်။ ဘာရည်ရွယ်ချက်လဲဆိုတော့ ကောလိပ်ဖွင့်ဖို့ပေါ့။ အဲ့ဒီတုန်းက ရှမ်းပြည်(မြောက်ပိုင်း)မှာ ကောလိပ် မရှိသေးဘူးလေ။ အဲဒီ ရည်ရွယ်ချက်နဲ့ ရှမ်းပြည်နယ်အစိုးရကို အပ်လိုက်တယ်။ နောက်ပိုင်း ကောလိပ်တော့ မဖွင့်ဖြစ်ဘူး။ မူးယစ်ဆေးဝါးဖြတ်တဲ့ စခန်းလုပ်လိုက်သေးတယ်။ ဒါပေမဲ့ နောက်ပိုင်း ဟော်ကြီးကို စောင့်ရှောက်မယ့်သူ မရှိတော့ မီးလောင်ပြီး ပျက်စီးသွားတယ်”ဟု ဆာစောချယ်၏ နွေရာသီစံနန်းအဖြစ် တင်စားခေါ်ဝေါ်ကြသော စခန်းသာဟော်နန်း အကြောင်းအား လက်ရှိသီပေါဟော် တွင်နေထိုင်သူ သီပေါစော်ဘွား၏ မျိုးနွယ်ဖြစ်သော ဒေါ်စောဝ်စမ်ဖုန်းက ရှင်းပြသည်။
သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဇနီးဖြစ်သူ စဝ်သုစန္ဒီ ၁၉၉၄ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည့်  “Twilight Over Burma : My Life as a Shan Princess” စာအုပ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်စဉ် ၎င်းကြုံတွေ့ခဲ့ရသည့် နိုင်ငံရေး အတွေ့အကြုံများ၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ သီပေါမြို့နှင့် စခန်းသာဟော်နန်းတို့၏ ကြီးကျယ် ခမ်းနားလှပမှုများကို ရေးသားထားသည်။
၎င်းစာအုပ် ထွက်ရှိပြီးနောက်ပိုင်း သီပေါမြို့သို့ ယခင်ထက် နိုင်ငံခြား ခရီးသွား ဝင်ရောက် လည်ပတ်မှုမှာ ပိုမိုများပြားလာပြီး ဒေသတွင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နိုင်ငံခြား ခရီးသွားဝင်ရောက်လာမှုမှာ အများဆုံး ဖြစ်လာကြောင်း သိရသည်။
“သီပေါကို နိုင်ငံခြားသားတွေလာရင် အဓိက မဖြစ်မနေ သွားရောက်လည်ပတ်တဲ့ နေရာက နှစ်နေရာရှိတယ်။ သီပေါဟော်နဲ့ ဒုဋ္ဌဝတီမြစ် စတင်ဖြစ်ပေါ်တဲ့ နမ္မတူချောင်းနဲ့ လားရှိုးဘက်ကနေ စီးဆင်းလာတဲ့ နမ္မချောင်းဆုံတဲ့ နေရာပေါ့။ အဲဒီကနေဆုံပြီးမှ ဒုဋ္ဌဝတီမြစ်ဆိုတာ စဖြစ်လာတာပေါ့။ သီပေါကနေ ကုန်းမိုင်နဲ့ဆိုရင် ၁၀ မိုင်လောက်တော့ရှိမယ်။ လားရှိုး-သီပေါ ပြည်ထောင်စု ကားလမ်းပေါ်ကနေဆိုရင် ကုန်းသာရွာနဲ့ နီးပြီးတော့ အထဲကို နှစ်မိုင်လောက်တော့ ဆိုင်ကယ်စီးပြီး သွားရပါတယ်။ ကားသွားလို့တော့ မရပါဘူး”ဟု သီပေါမြို့နယ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်မင်းယုက ဆိုသည်။
သီပေါမြို့သို့ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှုတွင် ဥရောပတိုက်မှ အများဆုံးဖြစ်ပြီး ပြင်သစ်၊ ဂျာမနီနှင့် ဟော်လန်နိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများမှ ခရီးသွား ဧည့်သည်များလည်း လာရောက်ကြကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ်တိုးတက်များ ပြားလာသည်နှင့်အမျှ ၎င်းတို့တည်းခိုနိုင်သော ဟိုတယ်များလည်း တိုးတက်များပြားလာကာ ၂၀၁၅ ခုနှစ်တွင် ဟိုတယ် ရှစ်ခုခန့်အထိ ရှိလာကြောင်း သိရသည်။
(၃)
သီပေါမြို့သို့ လာရောက်ကြသည့် ကမ္ဘာလှည့် ခရီးသွားများသည် ပုံမှန်အားဖြင့် သုံးရက်မှ ငါးရက်ထိ နေထိုင် လည်ပတ်လေ့ရှိပြီး သီပေါဟော်၊ ချောင်းဆုံနေရာများအပြင် ရှေးယခင်ခေတ် ရိုးရာများအတိုင်း နေထိုင်လျက် ရှိနေသေးသော ပလောင်ကျေးရွာများ၊ ရှမ်းတိုင်းရင်းသား ဒေသခံတို့၏ ကျေးရွာများသို့ သွားရောက် လည်ပတ်ကြသလို ဘော်ကြိုဘုရား၊ ယခင်စော်ဘွားများလက်ထက် ဆားချက်လုပ်ခဲ့သည့် ဘော်ကြိုကျေးရွာ အနီးရှိ ဆားတွင်းများသို့ သွားရောက် လည်ပတ်လေ့ ရှိကြသည်။
ညနေစောင်းချိန်ခါများတွင်  ကမ္ဘာလှည့်ခရီးသွားများသည်  သီပေါမြို့အဝင်တွင် ရှိသော တိမ်တောင်ပေါ်မှ နေဝင်ချိန်ရှုခင်းကို လာရောက်ကြည့်ရှုကြသည်။ ဓာတ်ပုံရိုက်ကြသည်။ တိမ်တောင်ပေါ်မှနေ၍ သီပေါမြို့တစ်မြို့လုံး လှမ်းမြင်ရသည်။ ဒုဋ္ဌဝတီမြစ်အတွင်း စက်လှေများ မောင်းနှင်နေသည်ကို တွေ့မြင်ရသည်။ လားရှိုး-မန္တလေးသို့ သွားရာတွင် အဓိက အသုံးပြုသည့် ဒုဋ္ဌဝတီ မြစ်ကူးတံတားကို တွေ့ရသည်။ သီပေါသို့ ရောက်လာသည့် ကမ္ဘာ့လှည့် ခရီးသည်များက နမ္မတူချောင်းနှင့် နမ္မချောင်းဆုံသည့် ချောင်းဆုံနေရာသို့  စက်လှေများဖြင့် သွားရောက် လည်ပတ်လေ့ ရှိကြသည်။  နမ္မတူချောင်းနှင့် နမ္မချောင်းဆုံမှုကြောင့် ဖြစ်တည်လာသော ဒုဋ္ဌဝတီမြစ်တစ်လျှောက် ဆန်တက်ပြီး ချောင်းဆုံ အရောက်သွားကာ သီပေါ၏ ချောင်းဆုံအလှကို လေ့လာမှတ်တမ်းတင်လေ့ ရှိကြသည်။
ထိုမှတစ်ဆင့် မြစ်ဆိပ်မှ နာရီဝက်ခန့် လမ်းလျှောက်ရသော လွန်ယွန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်လေ့လာကြသည်။ထိုဘုန်းကြီးကျောင်းသည် အင်္ဂလိပ်ခေတ်ကာလများအတွင်း စစ်ပွဲများ ဖြစ်ပွားစဉ် ဗုံးကြဲခြင်း ပြုလုပ်သော်လည်း ဗုံးလုံး၀ မကျသောနေရာ ဖြစ်သောကြောင့် ခရီးသွားအများအပြားက ထိုနေရာအား စိတ်ဝင်တစား သွားရောက် လေ့လာလေ့ရှိကြကြောင်း သိရသည်။
“အရင် အင်္ဂလိပ် ခေတ်တုန်းက လွန်ယွန်းဘုန်းကြီးကျောင်းကို လေယာဉ်ပေါ်ကနေ ဗုံးကြဲတာပေါ့။ ဒါပေမဲ့  အဲ့ဒီနေရာကို  ဗုံးလုံးဝမကျဘူး။ ဒါကြောင့် နိုင်ငံခြားသားတွေက အဲဒီဘုန်းကြီးကျောင်းကို သွားလေ့လာကြတယ်။ အပြန်ကျရင် ဆွတ်လန်း ကျေးရွာနားက လိမ္မော်ခြံတွေကို ဓာတ်ပုံရိုက်ကြတယ်”ဟု စက်လှေမောင်းသမား တစ်ဦးကဆိုသည်။
ကမ္ဘာလှည့်ခရီးသွားများသည် သီပေါမြို့သို့ လာရောက်လည်ပတ်ရင်း အပြန်တွင် ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးပေါ်ကို မီးရထားစီးကာ ဖြတ်သန်းပြီး ပြင်ဦးလွင်မြို့မှတဆင့် လိုရာခရီး ဆက်ကြသည်။ အချို့လည်း သီပေါမြို့သို့ လာကတည်းက မီးရထားစီးပြီး လာတတ်ကြသည်။
(၄)
“အပျိုချော သီပေါ”ဟု နာမည်ကြီးသော ဒုဋ္ဌဝတီမြစ်ကြီး စတင်မြစ်ဖျားခံ စီးဆင်းလာသည့် သီပေါမြို့လေးသည် မမေ့နိုင်သော သမိုင်းမှတ်တမ်းများ ဖြစ်တည်ရာ၊ သမိုင်းအမွေအနှစ်များ တည်ရှိရာ၊ ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားရာ၊ လိမ္မော်ခြံများ စိုက်ပျိုးရာနှင့် ဖော်ရွေပျူငှာသော တိုင်းရင်းသား ဒေသခံများ နေထိုင်ရာအဖြစ်  ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။

Most Read

Most Recent