စစ်ပွဲတွေ . . . ရပ်၊ အမုန်းတရားတွေ . . . ရပ်

စစ်ပွဲတွေ . . . ရပ်၊ အမုန်းတရားတွေ . . . ရပ်
Published 21 December 2015
ဘစံကောက်

လူတွေ ပြောကြသလို ကမ္ဘာကြီးကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ်ဆိုရင် စစ်ပွဲကတော့ ကမ္ဘာကြီး ကိုဖျက်ဆီးဖို့ သက်သက် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ မာရ်နတ်ရဲ့လက်ချက်ပဲ ဖြစ်ပါလိမ့်မယ်။
အမှန်လည်း စစ်ပွဲတွေက လူသားတွေကို ကောင်းကျိုး မပေးပါ ဘူး။ ဒါကြောင့် ဘယ်သူမှ မလိုလားကြပါဘူး။ ယုတ်စွအဆုံး စစ်ပွဲတွေမှာ ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ စစ်သားတွေ ကိုယ်တိုင်တောင်မှ စစ်ပွဲကို လိုလားကြမှာ မဟုတ်ပါဘူး။ တကယ်လဲ စစ်ပွဲတွေဆိုတာ ရည်ရွယ်ချက် ဘယ်လောက်ပဲ ကောင်းကောင်း၊ မြင်ကွင်းနဲ့ အကျိုးဆက် တွေကတော့ မကောင်းပါဘူး။ ဒီကမ္ဘာပေါ်မှာ အင်မတန် လှပတဲ့စစ်ပွဲ၊ ကြည်နူးချမ်းမြေ့ စရာကောင်းတဲ့ စစ်ပွဲဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ စစ်ဖြစ်ရာ ဒေသတွေရဲ့ မြင်ကွင်းတွေကို ကြည့် လိုက်မယ်ဆိုရင်လည်း ပြိုပျက်နေတဲ့ အဆောက်အအုံတွေ၊ သေကျေ ဒဏ်ရာရနေတဲ့ စစ်သားတွေ ဘေး လွတ်ရာ ထွက်ပြေးနေကြတဲ့ စစ်ဘေး ဒုက္ခသည် ပြည်သူတွေ၊ အနာဂတ်မဲ့ပြီး ထိတ်လန့် ကြောက်ရွံ့နေကြတဲ့ ကလေးငယ်တွေရဲ့ မျက်နှာ တွေကိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနဲ့များ ဘာကြောင့် စစ်ပွဲတွေ ဖြစ် နေရတာပါလဲ။
အမှန်တော့ လူဆိုတာ အင်မတန် အတ္တကြီးတဲ့ သတ္တဝါပါ။ ပထမ မိမိကိုယ်ကိုယ် အတ္တနဲ့ ဦးစွာတည် ဆောက်တယ်။ အဲဒီကတစ်ဆင့်  ပတ်ဝန်းကျင်ကို မိမိအတ္တနဲ့ နေရာ ချဲ့ထွင်တယ်၊ နောက်တစ်စတစ်စနဲ့ လူတွေလွှမ်းခြုံနိုင်ရင် လွှမ်းခြုံနိုင်သလောက် အတ္တကနေရာ ယူလာတယ်။ ကိုယ်နဲ့ အယူအဆ မတူကြတဲ့ သူ တွေ၊ ကိုယ်သွားမယ့်လမ်းမှာ အနှောင့်အယှက် ပေးမယ်လို့ ထင်ရတဲ့ သူတွေကို ရက်ရက်စက်စက် နှိမ်နင်းဖို့ ကြိုးစားရာကနေ လားရာ မတူကြတဲ့ သူအချင်းချင်း ပဋိပက္ခအသွင် ဆောင်လာကြရာက စစ်ပွဲတွေပေါ် ပေါက်လာတာပါပဲ။ ပြောရရင် လူတွေရဲ့ အတ္တကြောင့် စစ်ပွဲတွေ ပေါ်ပေါက်လာရတာပါ။
တကယ်တော့ လူ့အသက်တွေကို အကြောင်းမဲ့ ဖျက်ဆီးပစ်တဲ့ စစ်ပွဲတွေဟာ မလိုလား အပ်ပါဘူး။ စစ်ပွဲတွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးနဲ့အဆိုးကို သာမန် အသိဉာဏ်နဲ့ ခွဲခြားတတ်မယ် ဆိုရင် ဒီ ကမ္ဘာပေါ်မှာ စစ်ပွဲဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာမှ အကောင်အထည် မမြင်ရတဲ့ အယူဝါဒတွေ ကိုယ်လိုရာ ဆွဲတွေးတဲ့ အမှန်တရားတွေ ဘယ်လိုပဲ ဖြည့်ဖြည့် မပြည့်နိုင်တဲ့ အလိုလောဘတွေ ကြောင့်  ဒီကနေ့ ကမ္ဘာ အရပ်ရပ်မှာ စစ်ပွဲတွေနဲ့ အရုပ်ဆိုး နေရတုန်းပါပဲ။
တချို့ကတော့ ပြောတတ်ကြတယ်။ စစ်ပွဲတွေဆိုတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာ တွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းကြတာလို့ ဆိုပါတယ်။ ဒါဆို စစ်ပွဲတွေဟာ ပြဿနာတွေကို အဖြေရှာဖို့ အတွက် အကောင်းဆုံး နည်းလမ်းလို့ ပြောရင် ဖြစ်နိုင်ပါ့မလား။ တချို့နေရာ တချို့ ကိစ္စတွေမှာ ဒီနည်းက မှန်သလို ထင်ရပေမယ့် အလုံးစုံသော ပြဿနာတွေ အတွက်တော့ အကောင်းဆုံး အဖြေမဟုတ်တာက သေချာပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ရက်ရက်စက်စက် တိုက်ခိုက်ပြီးမှရတဲ့ အမှန်တ ရားဆိုတာမျိုးက ထာဝရ အမှန်တရားကို ကိုယ်စားမပြုပါဘူး။ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း၊ ကိုယ်မဟုတ်တဲ့ တခြားလူတွေရဲ့ ဘဝတွေကိုလည်း ကိုယ်နဲ့ထပ်တူ တန်ဖိုးထား လေးစားခြင်း၊ ပြဿနာတွေကို အတူတကွ ပူးပေါင်း အဖြေရှာပြီး ဆောင်ရွက်ခြင်း။ အဲဒီကမှ တစ်ဆင့် ရရှိလာတဲ့ အမှန်တရား တွေကသာ ထာဝရ အမှန်တရား ဖြစ်နိုင်ပါလိမ့်မယ်။ ဒီနည်းနဲ့သာ လူသားအချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ပါလိမ့်မယ်။ ဒီနည်းနဲ့သာ ဘာသာ အယူဝါဒ မတူကြသူအချင်းချင်း၊ အသားအရောင်မတူ ကွဲပြားခြားနား ကြသူတွေ အချင်းချင်းကြားမှာ ကွဲပြားခြားနားမှုမရှိဘဲ ထာဝရ အေးချမ်းစွာ နေသွားနိုင်ကြပါလိမ့်မယ်။
စစ်ပွဲတွေနဲ့ မငြိမ်းချမ်းနိုင်တဲ့  ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိပါဘူး။ လူသားအကျိုးပြု လုပ် ငန်းတွေလည်း မလုပ်ဆောင်နိုင်ပါဘူး။ လူသားတွေ အသက်ရှင် ရပ်တည် နေထိုင်ဖို့တောင်မှ အာမခံ ချက်မရှိပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုပဲကြည့်။ နှစ်ပေါင်း ၈၀ ကျော်  ပြည်တွင်း စစ်မီးကြောင့် မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ဒေသတွေ အများကြီး ကျန်နေပါသေးတယ်။ လွတ်လပ်ရေးရပြီး စကတည်းက ကြိုးပမ်းလာ တဲ့ ငြိမ်းချမ်းရေးကလည်း ခုထက်ထိ လမ်းစ မတွေ့သေးပါဘူး။ အပစ်အခတ် ရပ်စဲရေး ယာယီ သဘောတူညီ ချက်တွေကို မကြာခဏ လက်မှတ် ရေးထိုးကြပေမယ့် သေနတ်တွေကိုတော့ လက်ထဲကမချကြပါဘူး။ ယုံကြည်မှု တည်ဆောက်နေရင်း မှာကိုပဲ တစ်ဦးပေါ်တစ်ဦး သံသယက ပိုပိုပြီး ကြီးထွားလာနေပါတယ်။ ပြဿနာက ငြိမ်းချမ်းရေးရဲ့ ကောင်းကြောင်းကို လူတိုင်းက ပြောနေကြပေမယ့် တကယ် ကျင့်သုံးဖို့ကိုတော့ ဝန်လေးနေကြတုန်းပါပဲ။
ဆိုတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ ပြည်သူတွေက ခုအခါ စစ် ပွဲတွေကို ရပ်ပစ်ဖို့ တောင်းဆို လာကြပါတယ်။ တိုင်းပြည် တစ်ပြည်မှာ စနစ်တစ်ခု မှားယွင်းနေခဲ့ရင် ဒါမှမဟုတ် အုပ်ချုပ်တဲ့ အစိုးရက ပြည်သူလူထု အပေါ်ထားတဲ့ စေတနာ မမှန်ခဲ့ရင် အဲဒီ တိုင်းပြည်မှာ မှီတင်းနေ ထိုင်ကြတဲ့လူတွေ အားလုံးဒုက္ခ ရောက်ကြရတာ ချည်းပါပဲ။ ကရင်တွေ၊ ရှမ်း တွေကသာ ဒုက္ခရောက်ပြီး ဗမာတွေ က အခွင့်အရေး ရတယ်ဆိုတာမျိုး မရှိနိုင်ပါဘူး။ သည်နေရာမှာ ကွယ်လွန်သူ အာဇာနည် တစ်ဦးဖြစ်တဲ့ မန်းဘခိုင်ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "ကရင်အိမ် မီးလောင်ရင်၊ ဗမာအိမ်လည်း ပြာကျတာပါပဲ" ဆိုသလို နှစ်ပေါင်းများစွာ အေးအတူ ပူအမျှ နေလာကြသူတွေ အချင်းချင်း ကြားမှာ ဘုံရန်သူက တစ်ဦးပဲ ရှိပါတယ်။ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး လက်နက်နဲ့ အနိုင်ကျင့်တဲ့ ဘယ်သူမဆို ပြည်သူ့ရန်သူပါပဲ။ ကချင်မှာ ဖြစ်တဲ့စစ်ပွဲမို့ ရခိုင်နဲ့မဆိုင်ဘူး။ ရှမ်းပြည်နယ်မှာ ဖြစ်တဲ့စစ်ပွဲမို့ ဗမာနဲ့ မဆိုင်ဘူးလို့ တွေးရင်တော့ "ကြွက် ထောင်ချောက်" ပုံပြင်ထဲကလို အားလုံး ဒုက္ခရောက်ကြရမှာပါပဲ။
တစ်ခါက လယ်သမားတစ်ဦးရဲ့ အိမ်မှာ ကြွက်ကသောင်းကျန်းတော့ လယ်သမားကြီးက ကြွက်ထောင် ချောက်တစ်ခု ဝယ်လာပါတယ်။ ဒါကို မြင်တော့ ကြွက်က ငါတော့ဒုက္ခ ရောက်တော့မှာပဲလို့ တွေးပြီး လယ်သမား ကြီးမွေးထားတဲ့ ကြက်ဖကြီးကို ကယ်ပါဦးလို့ သွားပြောတော့ ကြက်ဖက "ငါနဲ့ဘာဆိုင်လို့လဲ၊ အနေသာကြီး" ဆိုပြီး ငြင်းလွှတ်လိုက်တယ်။ ဒါနဲ့ ဝက်ကို သွားပြောတော့လည်း
"မဆိုင်လိုက်တာ" လို့ ငြင်းလွှတ်လိုက် ပြန်သတဲ့။ နောက်ဆုံး နွားကြီးဆီ ရောက်ပြန်တော့လည်း "နွားနဲ့ ကြွက် ထောင်ချောက် အဝေးကြီးပါကွာ" လို့ မဆိုင်သလို နေပြတော့ ကြွက် လည်းကြောက်ပြီး အိမ်ကထွက်ပြေး သွားတော့တယ်။
ညလည်း ရောက်ရော လယ်သမားကြီးထောင်တဲ့ ကြွက် ထောင်ချောက်မှာ မြွေ ကမိနေရာ အဲဒါကို လယ်သမားကြီးရဲ့မိန်းမက အမှောင်ထဲ မှာမမြင်မကန်းနဲ့ သွားဖြုတ်တော့ မြွေကိုက်ပြီး သေရှာတယ်။ အသုဘ ဖြစ်တဲ့ညမှာ ကူညီလုပ်ကိုင်ပေးတဲ့သူ တွေကိုချက်ကျွေးဖို့ ကြက်ဖကြီးကို  ရိုက်ပြီး ချက်လိုက်ရတယ်။ "အနေ သာကြီး" ဆိုတဲ့ အကောင်သေရော။ နောက်နေ့ အသုဘစရိတ် ကိုတော့ နွားကို နွားသတ်ရုံ ပို့ရပြန်တယ်။
"အဝေးကြီးပါကွာ" ဆိုတဲ့ ကောင်လည်းသွားရော။ ရက်လည် ဆွမ်းသွတ်တော့ တစ်ခါဝက်ကို ပေါ်ရပြန်တယ်။ "မဆိုင်လိုက်တာ" ဆိုတဲ့ကောင်လည်း ကိစ္စချောတာပဲ။
ပြောချင်တာက ငြိမ်းချမ်းရေး ဆိုတာ လိုလားအပ်တဲ့ အရာပါ။ လူသားအားလုံးနဲ့ ဆိုင်တယ်။ ကိုယ့် တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်က ကိုယ့်တိုင်းပြည်မှာ နေတဲ့ လူမျိုးတိုင်း၊ သတိတရားနဲ့ ဖယ်ရှား ငြှိမ်းသတ်ရမယ့် မီးပဲ။ ကိုယ်နဲ့မဆိုင်ဘူးလို့ တွေးပြီး အေးနေလို့ မရဘူး။ အားလုံးက ဝိုင်းဝန်း ဆန့်ကျင်ရမယ်။ စစ်ပွဲတွေ ရပ်ပစ်ဖို့  အားလုံးက တောင်းဆိုရမယ်။  ငြိမ်းချမ်းရေး လိုလားတဲ့ သူအချင်းချင်း လက်တွေ တွဲထားရမယ်။ ဒီနည်းနဲ့ပဲ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် တည်ဆောက်ရမယ်။ ဖြစ်နိုင်ရင် စစ်ပွဲတွေ ရပ်ပစ်လို့ အမိန့် ပေးနိုင်တဲ့အထိ ပြည်သူတွေ ညီညွတ်အားကောင်းဖို့ လိုပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးက မဝေးတော့ပါဘူး။

Most Read

Most Recent