ဖြုတ်ထုတ်သတ် ဝါသနာမပါဘူးဆိုပေမယ့် . . .

ဖြုတ်ထုတ်သတ် ဝါသနာမပါဘူးဆိုပေမယ့် . . .
Published 21 December 2015
ကျော်ဇောလင်း

ဒီတစ်ပတ် သတင်းအကြောင်းအရာတွေထဲကို ပြန်ကြည့်ရင် လူပြောအများဆုံးနဲ့ လူထုကြား ပြန်လည် သုံးသပ်ဝေဖန်မှု အခံရဆုံး သတင်းနှစ်ခု တွေ့ရပါတယ်။
ဒါကတော့ လွှတ်တော် ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရရှိဖို့ ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းရယ်၊ ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို စိတ်အေးလက်အေး နေဖို့နဲ့ ဖြုတ်ထုတ်သတ်လုပ်ဖို့ လုံး၀ ဝါသနာမပါဘူးလို့ နေပြည်တော်မှာ ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းနှစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ဒီသတင်းနှစ်ခုထဲမှာ လူအများစုအပေါ် သက်ရောက်မှု ရှိခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြုတ်ထုတ်သတ်လုပ်ဖို့ လုံးဝဝါသနာမပါဘူးဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးက နည်းလမ်းမျိုးစုံနဲ့ အနိုင်ရဖို့ ကြိုးစားခဲ့ကြတယ်။  ရွေးကောက်ပွဲရလဒ်တွေ မထွက်မီအထိ NLD သောင်ပြိုကမ်းပြို အနိုင်ရမယ်လို့လူထုက မယုံကြည်ရဲကြဘူး။ လူထုက အပြောင်းအလဲအတွက် တစ်ခဲနက် မဲပေးလိုက်တဲ့အချိန်မှာ NLD အစိုးရ ဖွဲ့နိုင်တဲ့ ပမာဏထက်ကျော်ပြီး အပြတ်အသတ် အနိုင်ရသွားခဲ့တယ်။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရတစ်ရပ် အာဏာရမယ့် အချိန်ကို ငြိမ်ငြိမ်သက်သက် စောင့်နေကြပြီး။ လတ်တလော အခြေအနေမှာ ပြည်သူများအကြား၊ အစိုးရဝန်ထမ်း များအကြား ပြောဆိုနေကြတာကတော့ အရပ်သား အစိုးရသစ်တစ်ရပ် ဖြစ်လာရင် ဘာတွေ ပြောင်းလဲမလဲ ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
ဒီကြားထဲမှာ မကြာမီ အာဏာ စွန့်ရတော့မယ့်သူတွေရဲ့ အဝန်းအဝိုင်းနဲ့ အမှုထမ်းများ၊ အရာထမ်းများကြားမှာ အစိုးရ အပြောင်းအလဲ ဖြစ်တဲ့အခါ တွေ့ကြုံလာရနိုင်တဲ့ အခြေအနေတွေအတွက် ပူပန်သံတွေ ထွက်ပေါ်လာနေပါတယ်။ “အခြေအနေက ဘာမှန်းမသိပါဘူး။ ဘယ်လို ဆက်လုပ်ကြရမယ် မသိပါဘူး”ဆိုတဲ့ အသံတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအနေနဲ့ အရပ်သား အစိုးရသစ် တက်လာတော့မယ်။ ဒီတော့ နှစ်ပေါင်းများစွာ လည်ပတ်နေတဲ့ အုပ်ချုပ်မှု ယန္တရားကြီးက အပြောင်းအလဲတွေ ဖြစ်တော့မယ်။ ဒီတော့ ပူပန်နေကြတဲ့ လူတွေကလည်း ပူပန်နေကြရတယ်။ အပြောင်းအလဲကို လိုချင်တဲ့ သူတွေများသလို စစ်မှန်တဲ့ ပြောင်းလဲမှုအပေါ် ကြောက်ရွံ့နေကြသူတွေကလည်း တစ်ဖက်မှာ ရှိနေပါလိမ့်မယ်။
ဒီလိုအခြေအနေမှာ အာဏာရလာတော့မယ့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝန်ထမ်းတွေကို  ပြောလိုက်တဲ့ စကားဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံမှာ အထက်အရာရှိကြီးတွေကနေ အောက်ခြေအထိ ဝန်ထမ်းအဆင့်ဆင့်အတွင်း လာဘ်ပေးလာဘ်ယူမှု ပြဿနာ တွင်တွင်ကျယ်ကျယ် ရှိနေတာ မငြင်းနိုင်ပါဘူး။ အာဏာရှင် အဆက်ဆက် တိုင်းပြည်ရဲ့ အုပ်ချုပ်မှု ယန္တရား ပျက်သုဉ်းသွားရခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ အကျင့်ပျက် ခြစားမှု ထုနဲ့ထည်နဲ့ ဖြစ်တည်သွားခဲ့တာကလည်း အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။
ယခုတစ်ပတ် သတင်းသုံးသပ်ချက် ကဏ္ဍမှာ ဝန်ထမ်းတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားနဲ့အတူ အစိုးရယန္တရား အတွင်းမှာရှိနေတဲ့ ဝန်ထမ်းအဆင့်ဆင့်မှာ စိုးရိမ်နေတာတွေ ပြုပြင်ရမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်တာတွေကို ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။
ဖြုတ်ထုတ်သတ် မလုပ်ဘူး
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၇ ရက်မှာ နေပြည်တော် စည်ပင် ဧည့်ရိပ်သာဝင်းအတွင်း တာဝန်ရှိသူတွေ ဝန်ထမ်းတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ “ ဝန်ထမ်းတွေအနေနဲ့ စိတ်အေးလက်အေးနဲ့ နေပါ။ ကျွန်မတို့ ဖြုတ်ထုတ်သတ်ဆိုတာ လုံး၀ ဝါသနာမပါဘူး။ ဒီဟာတွေက ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။ ကျွန်မတို့အမြဲ နားထောင်မယ်။ သဘောတူတဲ့အခါ သဘောတူတယ်။ သဘောမတူတဲ့အခါလည်း မတူဘူးပေါ့နော်” လု့ိ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားထဲမှာ ဖြုတ်ထုတ်သတ် လုံး၀ ဝါသနာမပါဘူး ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဝန်ထမ်းတွေအနေနဲ့ အစိုးရသစ် ဖြစ်လာတဲ့အခါကြရင် အမြင်ချင်း မတူတာကို နားလည်လက်ခံတယ်။ အများအတွက် ကောင်းမယ်ထင်တာကို အတူကြိုးစားဖု့ိ လိုမယ်။ တစ်ယောက်ချင်းစီရဲ့ နိုင်ငံအကျိုးအတွက် လုပ်ပေးနိုင်မယ့် အရည်အချင်းကိုပဲ ကြည့်မယ်။ အဲဒါကိုပဲ အကောင်းဆုံး ဖြစ်အောင် သုံးမယ်ဆိုတဲ့ သဘောတရားမျိုးတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
NLD ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်  မဲဆွယ်လှုံ့ဆော်ခဲ့တာက “ပြောင်းလဲချိန်တန်ပြီ” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီကြွေးကြော်မှုအတိုင်း တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲရေးတွေ မလွဲမသွေ လုပ်ရပါလိမ့်မယ်။အစိုးရသစ် ဖြစ်လာတဲ့အခါကျရင် အုပ်ချုပ်ရေး ယန္တရားမှာရှိတဲ့ အစိုးရ ဝန်ထမ်းတွေအတွက် အပြောင်းအလဲတွေကလည်း မလွဲမသွေ လုပ်ရပါလိမ့်မယ်။
မြန်မာနိုင်ငံဟာ အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေလို အစိုးရအပြောင်းအလဲ လုပ်တဲ့အခါမှာ ချောမွေ့ဖို့တော့ ခက်ပါလိမ့်မယ်။ အနိုင်ရပါတီ ခေါင်း ဆောင်တွေဟာ အစိုးရ ခေါင်းဆောင်ပိုင်း တာဝန်တွေကို  အလွယ်တကူ လွှဲပြောင်းယူလို့ ရတယ်။ အစိုးရ ယန္တရားက တည်ငြိမ်ပြီးသား ဖြစ်တဲ့အတွက် အခက်အခဲ သိပ်မရှိဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်လာမယ့် အရပ်သား အစိုးရသစ်ကတော့ သူတု့ိတာဝန်စယူပြီဆိုရင် အစိုးရဝန်ထမ်းတွေမှာ ရှိနေတဲ့ အကျင့်ပျက် ခြစားမှု ပြဿနာကို စနစ်တကျ ဖြေရှင်းရလိမ့်မယ်။ ဒါ့ပြင် ဝန်ထမ်းတွေရဲ့ အရည်အသွေးပိုင်းတွေကိုလည်း တိုးတက် ပြောင်းလဲအောင် လုပ်ရလိမ့်မယ်။ သေချာတာကတော့ လမ်းဟောင်းတိုင်း ဆက်သွားလို့မရဘူး။ ပြောင်းသင့်တဲ့ မူဝါဒတွေ ပြောင်းရမယ်။ အားလုံးနဲ့ လက်တွဲ ဆောင်ရွက်မယ်။ ဖြုတ်ထုတ်သတ် ဝါသနာ မပါဘူးဆိုပေမယ့် ကင်ဆာလို ဖြစ်နေတဲ့ အကျင့်ပျက် ခြစားမှုကို  အမြစ်ကနေ ဆွဲလှန်ပစ်ရမယ်။ ဒီလိုလုပ်ဖို့အတွက်ဆိုရင် မတရားသဖြင့် လုပ်နေကြတဲ့သူတွေကို အရေးယူသင့်ရင် ယူရမယ်။
အထူးသဖြင့် ပြည်သူကို များစွာ ထိခိုက်နိုင်တဲ့ တရားရေးမဏ္ဍိုင် အကျင့်ပျက် ခြစားမှုမျိုးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရမယ်။ ဒီလိုလုပ်ခြင်းဟာ စနစ်ကျတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် မှန်ကန်တဲ့ လုပ်ဆောင်မှု တစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်က ဖြုတ်ထုတ်သတ် မလုပ်ဘူးဆိုပြီး အစိုးရ ယန္တရားအတွင်းမှာ လာဘ်ပေးလာဘ်ယူ ကြီးကြီးမားမားလုပ်နေတဲ့ သူတွေဟာ အပြောင်းအလဲအတွင်းမှာ သူတို့ရဲ့ အကျင့်တွေကို မပြောင်းဘူး၊ ဒါမှမဟုတ် သူတို့ကို မပြောင်းနိုင်ဘူးဆိုရင် လူထုအတွက် မှန်ကန်တဲ့ အပြောင်းအလဲကလည်း ဖြစ်မလာနိုင်ဘူးဆိုတာ သတိချပ်သင့်ပါတယ်။  

Most Read

Most Recent