နန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း

နန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း
Published 16 December 2015
လင်းလင်းခိုင်

သရုပ်ဆောင် အဖြစ်မှ ဂီတလောက အတွင်းသို့ ကူးပြောင်း ရောက်ရှိလာသူ အနုပညာရှင် များစွာ ရှိပါသည်။ အဆိုပါ အနုပညာရှင်များတွင် ပါဝင်လာသူ တစ်ဦးက သရုပ်ဆောင် အလှမယ် နန်းခင်ဇေယျာပင် ဖြစ်သည်။ နန်းခင်ဇေယျာက ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ‘Non-Stop’ ကို ခရစ်စမတ်နေ့တွင် စတင်ဖြန့်ချိရန် စီစဉ်ထားခဲ့သည်။ ဖန်တီးမှု အနုပညာ အသစ်တစ်မျိုးအား ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပရိသတ်နှင့် မိတ်ဆက်နိုင်ရန် ကြိုးပမ်းလာခဲ့သူ နန်းခင်ဇေယျာနှင့် တွေ့ဆုံ၍ တစ်ကိုယ်တော် တေးစီးရီး ပြင်ဆင်ဖြစ်ပုံ အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- မကြာခင် တစ်ကိုယ်တော် စီးရီးထွက်ဖို့ ပြင်ဆင်နေတယ်ဆိုတော့ သီချင်းဆိုဖြစ်တဲ့ အကြောင်းလေး အရင် ပြောပြပေးပါလား။ဖြေ- ပရိသတ်ကို နန်းခင် အနုပညာ ဖန်တီးမှု အသစ်တစ်ခု တင်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ ကိုရီးယားမှာ ဖျော်ဖြေရေးခရီး သွားဖြစ်ခဲ့တုန်းကလည်း သီချင်းဆိုတဲ့ အခါမှာ ပရိသတ်တွေက နန်းခင်ကို တစ်ကိုယ်တော် စီးရီးထုတ်ပါလားလို့ အားပေးကြတယ်။ အဲဒီကနေ အားတွေရှိလာပြီး အခွေထုတ်ဖို့ စီစဉ်ဖြစ်သွားတာပါ။

မေး- နန်းခင်ရဲ့ တစ်ကိုယ်တော် စီးရီးမှာ ဆိုဖြစ်တဲ့ ဂီတ အမျိုးအစားကရော။ဖြေ- နန်းခင်က နယ်မှာနေတုန်းကလည်း သီချင်းဆိုဖူးတဲ့ အခါကျတော့ ဆိုနေကျ သီချင်းပုံစံလေးတွေလည်း ရှိတယ်။ အခု စီးရီးမထွက်ခင်မှာလည်း ဆရာမနဲ့ သီချင်းဆို သင်တဲ့အခါ နန်းခင်ရဲ့ အသံက Pop နဲ့ R&B ဘက်ကို အားသန်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ဒါကြောင့် အဲဒီ ဂီတ အမျိုးအစား သီချင်းလေးတွေကိုပဲ ရွေးချယ် သီဆိုဖြစ်တာပါ။

မေး- တေးရေးတွေက ဘယ်သူတွေ ရေးပေးထားလဲ။ဖြေ- တေးရေးတွေကို ကိုရွှေဂျော်ဂျော်၊ ကိုဇဝါ၊ ကို R ခိုင်၊ ကိုဆလိုင်း၊ ကိုဝေလ၊ ကိုသားသားတို့ ရေးပေးထားတာပါ။ စုစုပေါင်း သီချင်း ၁၂ ပုဒ် ပါဝင်ပါမယ်။

မေး- စီးရီး Title ကို Non-Stop လို့ ပေးဖြစ်တာကရော။ဖြေ- နန်းခင်အတွက် ကိုရွှေဂျော်ဂျော် ရေးပေးထားတဲ့ သီချင်းထဲမှာ ဘယ်တော့မှမရပ် ဆိုတဲ့ သီချင်းလေးလည်း ပါပါတယ်။ ဒါကြောင့် စီးရီးခေါင်းစဉ် ရွေးတဲ့အခါ နန်းခင်ရဲ့ အနုပညာ ဖန်တီးမှုတွေ ဘယ်တော့မှ မရပ်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးလည်းဖြစ်အောင် Non-Stop လို့ ပေးဖြစ်သွားတာပါ။

မေး- စီးရီးကိုရော ဘယ်တော့ ဖြန့်ချိဖြစ်မလဲ။ဖြေ- နန်းခင်ရဲ့ စီးရီးလေးကို ဒီဇင်ဘာ ၂၅ ရက် မန္တလေးမှာ စတင်ဖြန့်ချိပါမယ်။ အဲဒီနေ့မှာ မန္တလေး Ocean မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အခွေဝယ်ယူ အားပေးသူတွေကို အမှတ်တရ လက်မှတ် ရေးထိုးပေးပါမယ်။ နန်းခင်ရဲ့ နာမည်တံဆိပ်ပါတဲ့ ဦးထုပ်တွေ၊ ၂၀၁၆ ပြက္ခဒိန်တွေ၊ ရှပ်အင်္ကျီတွေ လက်ဆောင်ပေးသွားပါမယ်။ ရန်ကုန်မှာတော့ ဒီဇင်ဘာ ၂၇ ရက်မှာ ဖြန့်ချိသွားပါမယ်။

မေး- ဒီအခွေ စီစဉ်နေတဲ့ အကြောင်းကို ဖြန့်ခါနီးမှပဲ သိရတယ်။ ပရိသတ်တွေ အံ့အားသင့်အောင် လျှို့ဝှက်ထားတာလား။ဖြေ- ဟုတ်ပါတယ်။ နန်းခင် အခု ဒီအခွေ ဖြန့်တော့မယ်ဆိုတော့ ပရိသတ်တွေကလည်း အရမ်း အံ့သြကြတယ်။ အနုပညာ မောင်နှမတွေကလည်း အံ့အားသင့်တယ်။ နန်းခင်က တမင်ကြိတ်ပြီး လုပ်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေအတွက် အနုပညာ ဖန်တီးမှု အသစ်လေးကို အံ့အားသင့်စရာဖြစ်အောင် တင်ပြပေးချင်တယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားတာပါ။

မေး- အခု ဒီအခွေလေးကို ပရိသတ်လက်ထဲ ထည့်တော့မယ့် အချိန်မှာ ကျေနပ်အားရမှု ရှိလား။ဖြေ- နန်းခင် ဒီအခွေလေးကို ပြင်ဆင်နေတဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားခဲ့တယ်။ အနုပညာဖန်တီးမှု အသစ်တစ်ခု ဖြစ်အောင်လည်း အားထုတ်ခဲ့တယ်။ အခု ဒီအခွေလေးကို ကြိုးစားအားထုတ်ထားသလောက် ကျေနပ်ပါတယ်။

မေး- အခု ရိုက်နေတဲ့ ‘ယက္ကန်းတစ္ဆေ’ ဇာတ်ကားအကြောင်းလေး ပြောပြပေးပါဦး။ဖြေ- အခု ရိုက်နေတဲ့ ဇာတ်ကားက ဒါရိုက်တာ ကိုညိုမင်းလွင်ပါ။ ‘ယက္ကန်းတစ္ဆေ’ ဆိုတဲ့ ဇာတ်ကားပေါ့လေ။ နန်းခင် တစ်ခါမှ မလုပ်ဖူးတဲ့ ဇာတ်ကောင်စရိုက်မျိုး လုပ်ခွင့်ရပါတယ်။

မေး- ၂၀၁၆ မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာမယ်လို့ မျှော်လင့်နေကြတယ်။ နန်းခင်ကရော ၂၀၁၆ အတွက် ဘယ်လိုမျှော်လင့်ထားလဲ။ဖြေ- နန်းခင်တို့ မြန်မာတစ်နိုင်ငံလုံးက ၂၀၁၆ အပြောင်းအလဲအတွက် မျှော်လင့်နေကြပါပြီ။ ပြောင်းလဲချိန်လည်း တကယ် တန်နေပါပြီ။ ဒီ အပြောင်းအလဲကစပြီး မဝေးတော့တဲ့ အချိန်မှာ နန်းခင်တို့ မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအတွက် လူငယ်ပညာတတ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ ထင်ပါတယ်။ 

Most Read

Most Recent