ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးသော Star Wars ရုပ်ရှင်အတွက် အထူးပွဲ စတင်ပြသ

ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးသော Star Wars ရုပ်ရှင်အတွက် အထူးပွဲ စတင်ပြသ
Published 15 December 2015

ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးသော Star Wars ရုပ်ရှင် The Force Awakens အတွက် အထူးပွဲကို ဒီဇင်ဘာ ၁၄ ရက်က ပထမဆုံးပြသခဲ့သည်။ နာမည်ကျော်များ စုဝေးပါဝင်ထားသော ယင်းရုပ်ရှင်ကို ကမ္ဘာတစ်ဝန်းတွင် ဒီဇင်ဘာ ၁၆ ရက်၌ စတင်ပြသမည်ဖြစ်ပြီး အမေရိကန်တွင် ဒီဇင်ဘာ ၁၉ ရက်၌ စတင်ပြသမည်ဖြစ်သည်။
၁၉၇၇ ခုနှစ်တွင် ပထမဆုံးပြသခဲ့သော အာကာသ စစ်ပွဲအကြောင်း ရုပ်ရှင်သည် မျိုးဆက်များစွာကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ပေါ့ယဉ်ကျေးမှု သမိုင်းတွင် အထင်ကရ ဖြစ်ရပ်တစ်ခုဖြစ်သည်။ ဒါရိုက်တာ အေဂျေအီဗရန် ရိုက်ကူးသော ယင်းရုပ်ရှင်သည် ယခုနှစ်အတွင်း အားလုံးက အမျှော်လင့်ဆုံးသော ရုပ်ရှင်တစ်ခုဖြစ်သည်။ မျက်နှာသစ်များနှင့် လူဟောင်းသရုပ်ဆောင်များ ပူးပေါင်းပါဝင်ထားသော ယင်းရုပ်ရှင်သည် မိသားစု၊ လူ့အဖွဲ့အစည်းကို စောင့်ရှောက် ထိန်းသိမ်းမှုနှင့် ဦးတည်ချက်တို့အကြောင်း ရုပ်ရှင်ဖြစ်ကြောင်း မျက်နှာသစ်သရုပ်ဆောင် လူပီတာညောင်အိုက ပြောကြားခဲ့သည်။
ခုနစ်ကားမြောက် Star Wars ရုပ်ရှင်တွင် မူလနာမည်ကျော်များဖြစ်သည့် ဟယ်ရစ်ဆင်ဖို့ဒ်၊ မက်ဟာမေး၊ ကာရေးဖစ်ရှာတို့ ပြန်လည်ပါဝင်ထားကြပြီး ဗြိတိန်မင်းသမီး ဒေစီရစ်ဒလေ၊ ဗြိတိန်မင်းသား ဂျွန်ဘော်ရေဂါ၊ Game of Thrones တွင် ထင်ရှားခဲ့သော  ဗြိတိန်မင်းသမီး ဂွင်ဒိုလင်းခရစ္စတင်းတို့ ပါဝင်ထားကြသည်။
Star Wars ရုပ်ရှင်သစ်သည် ထုတ်လုပ်သည့် ကုမ္ပဏီ ဝေါ့ဒစ္စနေအတွက် ဒေါ်လာလေးဘီလျံအထိ ရှာဖွေပေးနိုင်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ Star Wars ၏ မူလပိုင်ရှင် ဂျော့လူးကပ်စ်သည် ၂၀၁၂ ခုနှစ်က ၎င်း၏ Lucas Film ကို ဒေါ်လာလေးဘီလျံဖြင့် ဝေါ့ဒစ္စနေကို ရောင်းချခဲ့သည်။
Star Wars : The Force Awakens သည် ကမ္ဘာတစ်ဝန်းတွင် ရုံတင်ပြသမှုမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ နှစ်ဘီလျံအကြား ရရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် လာမည့် လေးနှစ်အတွင်း ရုပ်ရှင်လေးကား ထပ်မံ ထုတ်လုပ်မည်ဖြစ်ပြီး ရုံတင်ပြသမှု၊ ဗီဒီယိုဂိမ်းစ် ရောင်းချမှု၊ ဒီဗွီဒီရောင်းချမှု၊ မူပိုင်ခွင့်တို့မှ ဝင်ငွေသည် ဒေါ်လာ ၂၅ ဘီလျံအထိ ရှိမည်ဟု ခန့်မှန်းထားကြသည်။ ရုပ်ရှင်သမိုင်းတွင် ဒေါ်လာနှစ်ဘီလျံအထိ ရရှိခဲ့သော ရုပ်ရှင် နှစ်ကားသာရှိသည်။ ၁၉၉၇ ခုနှစ်က Titanic ၊ ၂၀၀၉ ခုနှစ်က ပြသခဲ့သော Avator တို့ဖြစ်ကြသည်။

Most Read

Most Recent