မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ကျပ်ခုနစ်ဘီလျံတန်သည့် Cyclotron ပါသည့် ကင်ဆာရောဂါ ရှာဖွေရေးစက် Pet-CT ကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဦးဆုံးတပ်ဆင်ထားပြီး လူနာများအား ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။အစိုးရအနေဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းနှင့် ကုသရေးဆိုင်ရာ စက်ပစ္စည်းများ တိုးချဲ့ထောက်ပံ့ပေးခဲ့ပြီး ကင်ဆာရောဂါ ရှာဖွေရေးစက် (PetCT) နှင့် ဓာတ်ရောင်ခြည် ကုသရေးစက်ဖြစ်သည့် (Linear Acce-lerator) တို့ဝယ်ယူရန် ကျပ် ၁၄ ဒသမ ၅ ဘီလျံ အသုံးပြုခွင့် ပေးခဲ့ကြောင်းနှင့် ယခင်က မြန်မာနိုင်ငံတွင် အဆိုပါ Pet-CT စက် မရှိခြင်းကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက်ကုသရပြီး ကုန်ကျစရိတ်မှာ သိန်း ၂၀ နှင့် အစိတ်ကြား ရှိကြောင်း သိရသည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ယခင်က ကင်ဆာရောဂါ ကုသရာတွင် Cobalt Mechine ခေါ်သည့် ဓာတ်ရောင်ခြည် ကုသရေး စက်နှစ်လုံးဖြင့် ကုသပေးခဲ့ရာ တစ်ရက်လျှင် လူနာ ၁၀၀ နီးပါး ကုသမှုပေးခဲ့ကြောင်းနှင့် ကင်ဆာဌာနတွင် တိုး ချဲ့တပ်ဆင်ထားသည့် Linear Acc-elerator စက်နှစ်လုံးကြောင့် တစ်နေ့လျှင် ကင်ဆာလူနာ ၂၅၀ ခန့်ကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးလျက်ရှိကြောင်း သိရသည်။အစိုးရသစ်လက်ထက် ကျန်းမာရေးဝန်ကြီးဌာနမှ နှစ်အလိုက်ရရှိသည့် ခွင့်ပြုရန်ပုံငွေမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၉၂၀၀၈ ဒသမ ၇၈၆၊၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၀၀၇၁၉ ဒသမ ၆၃၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၅၂၈၅၇၃ ဒသမ ၈၅၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၆၅၂၇၄၄ ဒသမ ၅၈၉ နှင့် ယခု၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ခုနစ်သိန်းခွဲအထိ တိုးမြှင့်ရရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိ ကင်ဆာဝေဒနာရှင်များအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များရှိ ပြည်သူ့ဆေးရုံများတွင် ဓာတ်ရောင်ခြည်ကုဌာနများ ဖွင့်လှစ်ထားပြီး ကင်ဆာဝေဒနာရှင်များ ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ ဆေးသွင်းကုသရမည့် ကင်ဆာလူနာများအတွက် ဆေးဝါးကိုးမျိုးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ ပေးလျက်ရှိပြီး အထူးဆေးယူရမည့် လူနာများ၊ မတတ်နိုင်သည့် လူနာများအတွက် အခြားဆေးဝါးများ အခမဲ့ရရန် ဆေးရုံကြီး၏ အစီအစဉ်ဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာငါးမျိုးမှာ အဆုတ် (၁၉ ဒသမ ၆ ရာခိုင် နှုန်း)၊ အသည်း (၁၃ ဒသမ ၉ ရာခိုင် နှုန်း)၊ ခံတွင်း (၁၀ ဒသမ ၈ ရာခိုင် နှုန်း)၊ အစာအိမ် (၇ ဒသမ ၁ ရာခိုင် နှုန်း)၊ အသံအိုးကင်ဆာ (၆ ဒသမ၂၅ ရာခိုင်နှုန်း)တို့ဖြစ်ကြောင်းနှင့် အမျိုးသမီးများတွင် ရင်သား (၂၄ ဒသမ ၇ ရာခိုင်နှုန်း)၊ သားအိမ်ခေါင်း (၁၄ ဒသမ ၁ ရာခိုင်နှုန်း)၊ မမျိုးဥကင်ဆာ (၇ ဒသမ ၆ ရာခိုင်နှုန်း)၊ အစာအိမ် (၆ ဒသမ ၅ ရာခိုင်နှုန်း)၊ အဆုတ် (၆ ဒသမ ၅ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကင်ဆာလူနာများအတွက် Cyclotron ပါသည့် ကင်ဆာရောဂါ ရှာဖွေရေးစက် Pet-CT ကို ရန်ကုန်ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင် ဝန်ဆောင်မှုပေးမည်















