ဖားကန့်ဒေသတွင် လုပ်ကိုင်နေသည့် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများမှ မြေစာစွန့်ပစ်ရာတွင် ကျေးရွာအတွင်းရှိ လမ်းများအား အသုံးပြုနေရာ အများပြည်သူ ထိခိုက်နစ်နာမှုများ ရှိသဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေသခံများက ကန့်ကွက် ဆန္ဒထုတ်ဖော်မှု နေရာနှစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွာအတွင်း မြေစာသယ်ကားများ ဖြတ်သန်း သွားလာမှုအား ကန့်ကွက် ဆန္ဒထုတ်ဖော် မှုမှာ လုံခင်းအုပ်စုအတွင်း ကုဋေမှော်ကျေးရွာနှင့် ဇွပ်ရာကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မြေစာသယ်ကားများ သွားလာရာ လမ်းမများပေါ်တွင် လူအင်အားဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ရင်ထဲမှာရှိနေတဲ့ ဆန္ဒကို လမ်းမပေါ်ထွက်ပြီး ဖော်ထုတ်တာပါ။ ရွာထဲမှာ မြေသယ်ကားကြီးတွေ ဒီလိုသွားလာနေတဲ့အတွက် ကျွန်တော်တို့မှာ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ဒီဆန္ဒဖော်ထုတ်မှုမှာ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေအားလုံးက လူတွေပါဝင်ပါတယ်”ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ မားဆားကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ကုဋေမှော် ကျေးရွာထိပ် ဆန္ဒထုတ်ဖော်မှုတွင် လမ်းတစ်လျှောက်ရှိ လေးအိမ်စု၊ မားဆား၊ ဆွတ်အောင်၊ ကထန်၊ တောမှော်စသည့် ကျေးရွာများမှ ဒေသခံများလည်း ပါဝင်ခဲ့ပြီး အင်အား ၂၀၀ ခန့်ရှိကြောင်း၊ အဆိုပါ ဆန္ဒဖော်ထုတ်မှုအတွက် သက်ဆိုင်ရာသို့ စာတင်သော်လည်း လက်မခံခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းမပေါ်တွင် ကျောက်မျက်ကုမ္ပဏီ လေးခုမှ နေ့ညမနား အချိန်ပြည့် သွားလာနေမှုကြောင့် ကျေးရွာနေ ပြည်သူများ ညကောင်းစွာအိပ်မရခြင်း၊ နေ့လယ်ခင်း ဖုန်ထူခြင်းကြောင့် ကျန်းမာရေး ဆိုးရွာစွာထိခိုက်စေခြင်း၊ ကျောင်းသူကျောင်းသားများနှင့် ဆိုင်ကယ်သမားများမှာ အန္တရာယ်များ ကြုံတွေ့နေ ရကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောကြားသည်။
“ဒီလမ်းမှာ ကျောင်းသူကျောင်းသားတွေရော၊ ဒေသခံတွေ အားလုံး သွားလာနေကြတယ်။ ကားကြီးတွေက အဆက်မပြတ် သွားလာနေတော့ အားလုံးအန္တရာယ်များတယ်။ဟိုတစ်နေ့ကလည်း ကားနဲ့ဆိုင်ကယ်နဲ့ တိုက်မိတယ်။ နောက်ထပ်ဒီလိုတွေ ထပ်ဖြစ်နိုင်တဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ။ ကျွန်တော်တို့ အဓိက တောင်းဆိုချင်တာက ရွာပတ်လမ်းက သွားစေချင်တာပါ”ဟု ဦးဆောင် ဆန္ဒထုတ်ဖော်သူ ဦးတူးလွင်က ပြောကြားသည်။
နိုဝင်ဘာ ၂၇ ရက်ကလည်း ဆိပ်မူကျေးရွာတွင် ယခုကဲ့သို့ လမ်းပိတ်ဆို့ဆန္ဒထုတ်မှု နှစ်ရက်ကြာ လုပ်ဆောင်ခဲ့ရာ ကျောက်မျက်ကုမ္ပဏီများမှ မြေသယ်ကားများ သွားလာမှု ယနေ့ထိ ရပ်နားထားခဲ့ရကြောင်း သိရသည်။
ပြည်သူပိုင်လမ်းပေါ်တွင် ကျောက်မျက် ကုမ္ပဏီများ၏ မြေသယ်ကားများ သွားလာနေခြင်းအပေါ် ဖားကန့် ဒေသခံများ နေရာနှစ်ခုတွင် တစ်ချိန်တည်းဆန္ဒထုတ်ဖော်















