ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခြင်းမှာ နိုင်ငံ့အတွက် အကျိုးကြီးမားပြီး သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုအပေါ် ကျေနပ်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခြင်းမှာ နိုင်ငံ့အတွက် အကျိုးကြီးမားပြီး သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုအပေါ် ကျေနပ်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 10 December 2015
ဇာလီမြင့်ဦး

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခြင်းမှာ နိုင်ငံ့အတွက် အကျိုးရလဒ်ကြီးမားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒီဇင်ဘာ ၁၀ ရက်က RFA သတင်းဌာနက ထုတ်လွှင့်သည့် ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့  ပြောကြားခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်နာရီခွဲခန့်ကြာ တွေ့ဆုံမှုမှ မည်သို့သော အကျိုးများရခဲ့သည်ဟု ပြောနိုင်မည်နည်းဟူသော RFA ၏မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံ့အကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ်ဆိုတာ ဒါကြီးမားတဲ့ အကျိုးပဲလို့ ပြောတာပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၄ ရက်ကနေ ပြည်တော်ရှိ ဦးသန်းရွှေနေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NLD ပြောရေးဆိုခွင့်ရှိ သူများက အတည်ပြု ပြောကြားခဲ့သလို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် (ဖိုးလပြည့်) ကလည်း သူ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ရေးသားခဲ့သည်။ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် (ဖိုးလပြည့်) ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဒီဇင်ဘာ ၅ ရက် ည ၁၀ နာရီခန့်က ရေးသားထားရာတွင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ (ငြိမ်း) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ၏ နေအိမ်၌ နှစ်နာရီခွဲခန့်ကြာ တွေ့ဆုံဆွေး နွေးခဲ့ကြပြီး နှစ်ဖက်ခေါင်းဆောင်များ၏ ခွင့်ပြုချက်ဖြင့် သတင်းထုတ်ပြန်ပါသည်ဟု ရေးသားထားသည်။ယင်းသို့ ရေးသားထားချက်အရ ဒေါ်အောင်ဆန်းစုကြည်က “တိုင်းပြည်အကျိုးကို ထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနှင့် အာဃာတတရားများ မိမိတွင်လုံးဝမရှိ။ အနာဂတ် မြန်မာနိုင်ငံတော် အောင်မြင်စွာ တည်ထောင်နိုင်ရေးနှင့် တပ်မတော်အပါ အဝင် အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနှင့် တွေ့ဆုံဆွေးနွေးလို”ဟု ဖော်ပြထားသည်။ထို့အတူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက “ရွေးကောက်ပွဲတွင် တရားဝင် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်၏ အနာဂတ် ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်။ သူမအနေဖြင့် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့် တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည် ”ဟု ပြောကြားကြောင်း ကိုနေရွှေသွေးအောင်က ရေးသားထားသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၁၉၈၈ ခုနှစ်မှ စတင်၍ တိုင်းပြည်အတွက် လုပ်ဆောင်ခဲ့သော်လည်း သူမ၏ လုပ်ရပ်များအား လက်ရှိအချိန်တွင်မှ တပ်မတော်ခေါင်းဆောင်များက လက်ခံလိုက်သည့် သဘောဟုတ်၊ မဟုတ်ဆိုသည့်  RFA သတင်းဌာန၏ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် က “အစ်မကတော့ ဒီလိုနောက်ကြောင်း ပြန်ပြီးတော့ အတိတ်ကိုလှန်ပြီးတော့ ဘာကြောင့် ဘယ်တုန်းက ဘာလို့မလုပ်ခဲ့ရတာလဲ။ ဒါတွေဘာတွေ သိပ်ပြီးတော့ စဉ်းစားရမယ့်အချိန် မဟုတ်ဘူးလို့ ထင်တယ်။ အခုဟာက ပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဘယ်လို ပိုပြီးတော့ကောင်းအောင် လုပ်မလဲ။ ဘယ်လို ပစ္စုပ္ပန်ကနေ အနာဂတ်ဘက်ကို ဦးတည်သွားမလဲ။ ဒါတွေကို အစ်မတို့ အဓိကထားပြီး စဉ်းစားရမယ်လို့ ထင်ပါတယ် ” ဟု ပြောကြား သည်။ထို့ပြင် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုကို ကျေနပ်မှုရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒီဇင်ဘာ ၁၀ ရက်က RFA သတင်းဌာနက ထုတ်လွှင့်သည့် ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာ ၂ ရက်က သမ္မတဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး အားရကျေနပ်မှု ဘယ်လောက်ရှိသည်ဟု ပြောနိုင်မလဲဟူ သော  RFA ၏ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုပဲ တစ်ဆင့်ပြီးတစ်ဆင့် သွားရမှာပဲ။ အဲဒီတော့ သူ့အဆင့်နဲ့သူတော့ ကျေနပ်ပါတယ်။ ဒါတော့ ပထမအဆင့်ပေါ့ နော်။ ပထမတွေ့ဆုံခြင်းပေါ့။ နောက်ဆက်ပြီးတော့ လုပ်စရာတွေကတော့ ရှိဦးမှာပါ”ဟု ပြောကြားသည်။သမ္မတဦးသိန်းစိန်နှင့် တွေ့ရာတွင် ယခင်က မရှိသေးသည့်  နိုင်ငံတော်အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခုကို ထူထောင်ရန်အတွက် ဆွေးနွေးခဲ့ကြမှုနှင့် ပတ်သက်၍ အာဏာလွှဲပြောင်းရာတွင် သမ္မတတာဝန် လွှဲပြောင်းသည့် အခမ်းအနား ကျင်းပပေးမည့် သဘောမျိုးဖြစ်ပြီး အသေးစိတ်မှာမူ မဆွေးနွေးရသေးကြောင်းနှင့် အကြမ်းဖျင်းအားဖြင့် အဆိုပါအချက်များကိုလည်း စဉ်းစားရန် လိုအပ်သည်ကို သဘောတူထားခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေ ကြားခဲ့သည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ခေါင်းဆောင်နှစ်ဦးဆွေးနွေးရာတွင် နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင်  ယခင်က အစဉ်အလာမရှိခဲ့သေးသည့် နိုင်ငံတော်အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခုကို ထူထောင်ရန် အတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ် ပြန်ခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်အတွက် အကျိုးရှိမည့် ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း ဟု ပြောကြားခဲ့ရာ အဆိုပါကိစ္စရပ်များထဲတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပါဝင်ပါသလားဟု မေးမြန်းမှုအား ဒေါ်အောင်ဆန်းစု ကြည်က “အဲဒါလည်း ရေရှည်မှာတော့ ပါရမှာပေါ့။ ဒါအစ်မတို့အနေနဲ့ ပထမဦးဆုံးတွေ့တဲ့ အချိန်မှာတော့ ဘာဆိုတာတော့ တိတိကျကျတော့ ပြောတဲ့အထိ မရောက်ပါဘူး။ . . . .။ တိုင်းပြည်အတွက် နောက်ပြီး နံပါတ်တစ် ကတော့ ဒီအလွှဲအပြောင်းကာလမှာ ချောမွေ့ဖို့၊ တည်ငြိမ်ဖို့ ဒါကတော့ အဓိက လက်ငင်းလုပ်ရမယ့် ကိစ္စပေါ့”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကိုအလေးထား၍ တည်ငြိမ်အေးချမ်းရေး နှင့်တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါကြောင်း Senior Gen- eral Min Aung Hlaing Facebook စာမျက်နှာတွင် ထုတ်ပြန်ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုသည် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၁၀ ရက် စွဲဖြင့် စာပေးပို့တောင်းဆိုခဲ့ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

Most Read

Most Recent