၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှ ပူးတွဲသဘောတူညီချက်ကို စတင် အကောင်အထည်ဖော်နေပြီး လက်ရှိ ပထမအကြိမ် လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ကိုယ်စားလှယ်အသစ်များကို ခေါ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီခွဲက နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူ သီရိခန်းမဆောင်၌ ပြုလုပ်သည့် ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ရန်အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးတွင် သူရဦးရွှေမန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။“ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ကြေညာချက်ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလို အကောင်အထည်ဖော်တဲ့နေရာမှာ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာတဲ့ အချက်ငါးချက်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေး အနှစ်သာရ၊ နိုင်ငံရေးဂုဏ်သိက္ခာရော ကျွန်တော်တို့ ပြည်သူများရဲ့ ဂုဏ်သိက္ခာရော ကောင်းမွန်လာမှာ ဖြစ်တဲ့အတွက် ဒီအစည်းအဝေးဟာ ထုတ်ပြန်ကြေညာချက်နဲ့လည်း အစိတ်အပိုင်းပတ် သက်တယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယခုအစည်းအဝေးသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ထုတ်ပြန် ကြေညာသော ပူးတွဲကြေညာချက် ငါးချက်အနက်မှ အစိတ်အပိုင်းတစ်ခုကို အကောင်အထည် ဖော်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်သည် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးသာမက နိုင်ငံရေးအနှစ်သာရများစွာ ပါဝင်ကြောင်း ပြောကြားသည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ပထမအကြိမ် လွှတ်တော်များ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်များ ကျင်းပနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူရမည်ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း သက်ဆိုင်ရာဥက္ကဋ္ဌများက ခေါ်ယူရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အသစ်ဝင်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခုလွှတ်တော် သက်တမ်း မပြီးဆုံးမီ ခေါ်ယူရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်သစ်များ၏ လုံခြုံ ရေး၊ သွားလာရေး၊ တည်းခိုရေး၊ စားသောက်ရေးပါမကျန် ပြည့်ပြည့်စုံစုံ စီမံပေးသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။လွှတ်တော်၏ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားရေးအတွက် တာဝန်ရှိသူများအနေဖြင့် မြင့်မြတ်သည့် စိတ်ထားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ဒုတိယအကြိမ် လွှတ်တော်များ ခေါ်ယူကျင်းပနိုင်ရေး အစည်းအဝေးတွင် ပြောကြားသည်။ဒုတိယအကြိမ် လွှတ်တော်အသီးသီး ခေါ်ယူကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။နိုဝင်ဘာ ၁၉ ရက်၌ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နိုဝင်ဘာ ၈ ရက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်းမှုရရှိစေရန်၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော် လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် လွှတ်တော်၏ မူဝါဒဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှုဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်နှင့် ဒုတိယအကြိမ်လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်း နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေရန်တို့ကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမှ ပူးတွဲသဘောတူညီချက်ကို စတင် အကောင်အထည်ဖော်၊ ယခု လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ကိုယ်စားလှယ်သစ်များ ခေါ်ယူမည်ဟု သူရဦးရွှေမန်း ပြောကြား















