မြန်မာနိုင်ငံအတွက် အာဟာရဖြည့်ဆန်ကို ဒီဇင်ဘာ ၁၀ ရက်က မိတ်ဆက်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီမှစ၍ တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည်

မြန်မာနိုင်ငံအတွက် အာဟာရဖြည့်ဆန်ကို ဒီဇင်ဘာ ၁၀ ရက်က မိတ်ဆက်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီမှစ၍ တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည်
Published 10 December 2015
နီလာ

မြန်မာနိုင်ငံအတွက် ဗီတာမင်နှင့် သတ္တုဓာတ်များ ထည့်သွင်းထုတ်လုပ်ထားသည့် အာဟာရဖြည့် အားဖြည့်ဆန် စတင်မိတ်ဆက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်  မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့၏ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က “အာဟာရဖြည့်ဆန် ထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ ပြည်ပကနေ တင်သွင်းဖို့ တပ်ဆင်စမ်းသပ်ထုတ်လုပ်ဖို့အတွက် ဒေသခံကုမ္ပဏီတွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေဟာ ဗီတာမင်နဲ့ သတ္တုဓာတ် ရောစပ်ထားတဲ့ အာဟာရမှုန့်နဲ့ ဆန်မှုန့်ကို ရောစပ်ပြီးတော့ Pasta လုပ်တဲ့စက်ကို သုံးပြီး ဆန်ပုံစံအတိုင်း ဆန်စေ့များ ထုတ်လုပ်ပါတယ်။ အဲဒီ အာဟာရဖြည့်ဆန်စေ့တွေကို သမားရိုးကျဆန်နဲ့ ၁း၁၀၀ ရောနှောပြီးတဲ့နှောက် အာဟာရဖြည့်ဆန် ရလာပါတယ်”ဟု ပြောကြားသည်။
 
အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာန၏ အရည်အသွေးအသိအမှတ်ပြု တံဆိပ်များ ရိုက်နှိပ်ထားသော အသင့်ထုပ်ပိုးပြီး အာဟာရဖြည့်ဆန်များကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တစ်နိုင်ငံလုံး ဈေးကွက်အတွင်းသို့ ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့အပါအဝင် အဖွဲ့အစည်းများကလည်း  နှင့် တီဘီရောဂါသည်များကဲ့သို့ ထိခိုက်လွယ်အုပ်စုများကို လူမှုကူညီ ပံ့ပိုးရေးအစီအစဉ်များမှတစ်ဆင့် အာဟာရဖြည့်ဆန်ကို ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
 
နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း PATH သည် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ LIFT၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတွင် အာဟာရဖြည့်ဆန် စတင်မိတ်ဆက်နိုင်ရန် အစိုးရဌာနနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆန်တွင် အာဟာရဖြည့်စွက်ခြင်းသည် အဏုအာဟာရချို့တဲ့မှုများကို လျှော့ချရာတွင် ထိရောက်မှုရှိကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ပြုလုပ်ခဲ့သော ဆေးပညာရပ်ပိုင်းဆိုင်ရာ စစ်တမ်းပေါင်း ၃၀ ကျော်အရ  သက်သေပြပြီး ဖြစ်ပါတယ်ဟု PATH ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနမှ ကက်သီကာဟေးလ်က ပြောကြားသည်။
 
“မြန်မာနိုင်ငံအတွက် ဆန်ဟာ ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစာထဲမှာ အဓိက ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများအားလုံးထက် ကျွန်တော်တို့ဟာ တစ်ဦးချင်း ဆန်စားသုံးမှု ပိုများပါတယ်။ နေ့စဉ်စားသုံးတဲ့ အခြေခံအစာကို အာဟာရဖြည့်စွက်တာဟာ အဏုအာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ဖို့ အများတတ်နိုင်တဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။  
ပြီးတော့ အဲဒီလိုလုပ်တာဟာ လူအများရဲ့ ပုံမှန်စားသောက်မှု အလေ့အထပုံစံကို ပြောင်းလဲစရာလည်း မလိုပါဘူး”ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
 
မိသားစု၏ ကျန်းမာရေးနှင့်အာဟာရကို အလေးထားသည့် မိခင်များအနေဖြင့် ယခုထွက်ရှိလာသည့် အာဟာရဖြည့် ဆန်အမျိုးအစားကို ဝယ်ယူအားပေးကြမည်ဟု ဆန်စပါးလုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။                        

Most Read

Most Recent