လတ်တလော မပြဋ္ဌာန်းသင့်ကြောင်း အမျိုးသား လွှတ်တော်က ပြန်လည်ပေးပို့သည့် အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းနှင့် စက်မှုလုပ်ငန်း ဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် ဆုံးဖြတ်

လတ်တလော မပြဋ္ဌာန်းသင့်ကြောင်း အမျိုးသား လွှတ်တော်က ပြန်လည်ပေးပို့သည့် အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းနှင့် စက်မှုလုပ်ငန်း ဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် ဆုံးဖြတ်
Published 7 December 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လတ်တလော မပြဋ္ဌာန်းသင့်ကြောင်း အမျိုးသားလွှတ်တော်က ပြန်လည်ပေးပို့သည့် အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းနှင့် စက်မှုလုပ်ငန်း ဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်က ဒီဇင်ဘာ ၇ ရက်က ဆုံးဖြတ်ခဲ့သည်။အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းသည် အခွန်အကောက် ဥပဒေကြမ်းတစ်ရပ် အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၀၊ ပုဒ်မ(ခ) နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့သာ တင်သွင်းဆုံးဖြတ်ရမည့် ဥပဒေ ဖြစ်နေခြင်း၊ တည်ဆဲ ရာဇသတ်ကြီးနှင့် လောင်းကစား ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ဝိရောဓိ ဖြစ်နေခြင်း၊ ထီလက်မှတ်ဈေးနှုန်းကို ကန့်သတ်ခြင်းသည် ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် အခြေခံသည့် ဈေးကွက်စီးပွားရေးစနစ် မူဝါဒကို ဖောက်ဖျက်ရာ ရောက်နိုင်ခြင်း၊ ထီလက်ပွေ့ရောင်းချသူ အခြေခံ လူတန်းစားများအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ခြင်း၊ အီလက်ထရောနစ် လုပ်ငန်းကို ပြည်တွင်းပြည်ပ ကုမ္ပဏီ သို့မဟုတ် ပုဂ္ဂလိကအား အစုအစပ် လုပ်ငန်းဖြင့် အကျိုးတူ ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုထားရာ နိုင်ငံတော်ကသာ ဆောင်ရွက်သင့်သည့် အခွန်ဘဏ္ဍာငွေ ဖြစ်သဖြင့် လက်ရှိ အခြေအနေတွင် ဆောင်ရွက်ရန် မသင့်ခြင်း၊ နိုင်ငံသား အများစု အကျွမ်းဝင်ခြင်း မရှိသော စနစ်မျိုး ဖြစ်နေခြင်းတို့ကြောင့် လတ်တလော အတည်ပြု ဆောင်ရွက်ခြင်း မပြုဘဲ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခဲ့ပြီး အတည်ပြု ဆောင်ရွက်ခြင်း မပြုဘဲ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်သူ့လွှတ်တော်က ညှိနှိုင်း အစည်းအဝေး ပြုလုပ်၍ ယင်းအကြောင်းပြချက်များကဲ့သို့ မဖြစ်ပေါ်နိုင်ခြင်းနှင့် ဥပဒေအား ပြဋ္ဌာန်းနိုင်ပါက နိုင်ငံတော်၏ ဘဏ္ဍာငွေ တိုးပွားလာမည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးစီးပွား ဖြစ်ထွန်းမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြသဖြင့် ဆက်လက်ဆွေးနွေးမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့်လည်း ဆက်လက်ဆောင်ရွက်ရန် သဘောတူကြောင်း ပြောကြားပြီးနောက် လွှတ်တော်က ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ထို့အတူ အမျိုးသားလွှတ်တော်က လတ်တလော မပြဋ္ဌာန်းသင့်ကြောင်း ပြန်လည်ပေးပို့သည့် စက်မှုလုပ်ငန်း ဥပဒေကြမ်းသည်လည်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်မှု မရှိခြင်း၊ တည်ဆဲဥပဒေများနှင့် ဝိရောဓိ မဖြစ်ခြင်းအပြင် ဥပဒေကို ပြဋ္ဌာန်းနိုင်လျှင် စက်မှုဇုန် တည်ထောင်ခြင်းကဏ္ဍနှင့် အကြီးစား စက်မှုလုပ်ငန်းများပါ လွှမ်းခြုံချိတ်ဆက်၍ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် စက်မှုလုပ်ငန်း ဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီက တင်သွင်းခဲ့ပြီး စက်မှုဝန်ကြီးဌာနကလည်း ဆက်လက်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သဖြင့် ပြည်သူ့လွှတ်တော်က ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့သည်။ထိုသို့ ဥပဒေကြမ်း နှစ်ခုအပေါ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထားကွဲလွဲမှု ရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သင့်ကြောင်း ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent