နှင်းဆီအငြိမ့် အဖွဲ့သားများ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ထိုင်းနိုင်ငံ မဟာချိုင်သို့ သွားရောက် ဖျော်ဖြေမည်

နှင်းဆီအငြိမ့် အဖွဲ့သားများ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ထိုင်းနိုင်ငံ မဟာချိုင်သို့ သွားရောက် ဖျော်ဖြေမည်
Published 7 December 2015
လင်းလင်းခိုင်

နှင်းဆီအငြိမ့်အဖွဲ့သားများသည် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ထိုင်းနိုင်ငံ မဟာချိုင်သို့ သွားရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်ပြီး မင်းသမီးများအဖြစ် မိုးယုစံ၊ မေကဗျာ၊ ဖူးစုံတို့ ပါဝင်မည်ဖြစ်ကာ လူရွှင်တော်များအဖြစ် သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုနှင့် ထွန်းထွန်းတို့ ပါဝင် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။ 
 
“ကျွန်တော်တို့ နှင်းဆီ အငြိမ့်အဖွဲ့သားတွေ အနေနဲ့ ပြည်ပ ဖျော်ဖြေပွဲတွေ သွားဖို့ ရှိပါတယ်။ လတ်တလော အနေနဲ့ကတော့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ထိုင်းနိုင်ငံ မဟာချိုင်မှာ ဖျော်ဖြေဖို့ ရှိပါတယ်။ အဲဒီအတွက် ပြက်လုံးတွေကိုတော့ ဒီဇင်ဘာ ၇ ရက် ၈ ရက်လောက်မှာ တိုက်ဖြစ်ပါမယ်။ အဲဒီပွဲအတွက်လည်း ပြက်လုံးလေးတွေ သေချာတိုက်ဖြစ်သွားမှာပါ။ ဟိုမှာက မြန်မာတွေလည်း အများကြီး ရှိနေတယ်ဆိုတော့ အဲဒီ အခြေအနေတွေနဲ့ လိုက်ဖက်တဲ့ ပြက်လုံးလေးတွေ လုပ်ဖြစ်သွားမှာပါ။ ဖေဖော်ဝါရီ လထဲမှာတော့ သြစတြေးလျ သွားဖြစ်ပါမယ်။ ဇွန်လမှာတော့ စင်ကာပူကို သွားကဖြစ်ဖို့ ရှိမယ်” ဟု သရုပ်ဆောင် အကယ်ဒမီ နေတိုးက ဆိုသည်။
 
နှင်းဆီ အငြိမ့်အဖွဲ့သားများသည် ထိုင်းနိုင်ငံ မဟာချိုင် ဖျော်ဖြေပွဲအတွက် ပြက်လုံးတိုက် လေ့ကျင့်မှုများကို ဒီဇင်ဘာ ၇ ရက်တွင် စတင် ပြုလုပ်သွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်တွင် စတင် သွားရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။ နှင်းဆီအငြိမ့် အဖွဲ့သားများ၏ ပြည်ပ ဖျော်ဖြေပွဲ ခရီးစဉ်များကို ဆက်တိုက် စီစဉ်ထားပြီး ဒီဇင်ဘာတွင် ထိုင်းနိုင်ငံတွင် ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီတွင် သြစတြေးလျ နိုင်ငံရှိ မြို့ကြီးများသို့ သွားရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။
 
သြစတြေးလျ နိုင်ငံတွင် ပြုလုပ်မည့် နှင်းဆီအငြိမ့် အဖွဲ့သားများ၏ ဖျော်ဖြေပွဲများကို ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းသွားရန် ရည်ရွယ်ကာ ပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေပွဲ လေးပွဲခန့် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

Most Read

Most Recent