ကန်တော်ကြီး ကရဝိက်ဥယျာဉ်အား ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်နှစ် ကျပ်တစ်ဘီလျံခန့် နိုင်ငံတော်က နစ်နာနေမှုအတွက် မည်သူက တာဝန်ယူပါသနည်းဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်

ကန်တော်ကြီး ကရဝိက်ဥယျာဉ်အား ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်နှစ် ကျပ်တစ်ဘီလျံခန့် နိုင်ငံတော်က နစ်နာနေမှုအတွက် မည်သူက တာဝန်ယူပါသနည်းဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်
Published 4 December 2015

ရန်ကုန်မြို့၏ အထင်ကရ ပန်းခြံကြီး တစ်ခုဖြစ်သော ကန်တော်ကြီးအတွင်းရှိ ကရဝိက်ဥယျာဉ်အား ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်နှစ်လျှင် ငွေကျပ် တစ်ဘီလျံခန့်  (နှစ် ၃၀ အတွက် ငွေကျပ် ၃၀ ဘီ လျံ)နိုင်ငံတော်က နစ်နာနေမှုအတွက် မည်သူက တာဝန်ယူပါမည်နည်းဟု ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က တင်သွင်းသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာအား ဆွေးနွေးရာတွင် ထိုသို့ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။“စာရင်းစစ်ချုပ် အစီရင်ခံစာ အပိုဒ် ၅၈ အားလုံးသိပြီးတဲ့အတိုင်း ကန်တော်ကြီး စိမ်းလန်းစိုပြည်ရေး စီမံကိန်းဖြစ်ပါတယ်။ ကန်တော်ကြီး စိမ်းလန်းစိုပြည်ရေး စီမံကိန်းအတွက်  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဇေကမ္ဘာကုမ္ပဏီတို့ စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ကနေ နှစ် ၃၀ ငှားရမ်းတာဖြစ်ပြီး ငှားရမ်းခ ပထမ ငါးနှစ်အတွက်ကို တစ်လလျှင် ကျပ် ၁၂ သိန်း နှုန်းနဲ့ ငှားရမ်းတာ ဖြစ်ပါတယ်။ အဲဒီနေရာရဲ့ ကာလပေါက်ဈေးက ဘယ်လောက်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ရန်ကုန်စည်ပင်နဲ့ ဇေကမ္ဘာကုမ္ပဏီတို့ရဲ့ ကန်တော်ကြီး စိမ်းလန်းစိုပြည်ရေး စီမံကိန်းအရ ဇေကမ္ဘာကုမ္ပဏီက အကျိုးအမြတ် ပက်ပက်စက်စက်ရတာကိုတော့ ထင်ထင်ရှားရှား တွေ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကိုယ်စား သိချင်တာက ဘာလဲဆိုတော့ ဘယ်လို အခမဲ့ဝန်ဆောင်မှုတွေ ပြည်သူလူထုကို ပေးအပ်နိုင်ခဲ့ပါသလဲ။ နိုင်ငံတော်က နှစ် ၃၀ အတွက် အနည်းဆုံး နစ်နာမှုက ၃၀ ဘီလျံနစ်နာမှု ရှိပါတယ်။ ဒီပိုက်ဆံနဲ့ ကျွန်မတို့ တံတားကြီး နှစ်စင်း ဆောက်လို့ရပါတယ်။ ကျောင်း ၁၀၀ ကျော် တည်ဆောက်လို့ရပါတယ်။ အဲဒီလို နစ်နာမှုများအတွက် မည်သူက တာဝန်ယူပါမည်နည်း။ ပထမ သက်တမ်း ငါးနှစ်ပြည့်သွားတာဟာဆိုရင် ၃၀.၈.၂၀၁၅ ရက်ဖြစ်ပါတယ်။ အခု ဒီဇင်ဘာရောက်ပြီဆိုတော့ စာချုပ်ကို ဒုတိယ သက်တမ်းငါးနှစ် ချုပ်ဆိုပြီးပြီ။ အဲဒီလို ချုပ်ဆိုပြီးပြီဆိုရင် ဘယ်ဈေးနှုန်းနဲ့ ချုပ်ဆိုထားပါသလဲ။ စာရင်းစစ်ချုပ် တင်ပြသလို ကာလပေါက်ဈေးနဲ့ နိုင်ငံတော်က မနစ်နာအောင် စီစဉ်ထားတဲ့ အစီအမံတွေအစိုးရအဖွဲ့က ဆောင်ရွက်ခဲ့ပါသလား”ဟု ဒေါက်တာ ညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။ကရဝိက် ဥယျာဉ်ကမ္ဘာမြေမှာ စုစုပေါင်း ၂၅ ဧကခန့်ရှိပြီး ယင်းမြေ အား ၁.၉.၂၀၁၀ ရက်မှ စတင်၍ နှစ် ၃၀ ဖြင့် ငှားရမ်းခဲ့ကာ ၁.၉.၂၀၁၀ ရက်မှ ၃၁.၈.၂၀၁၅ ရက်အထိ ပထမငါးနှစ်အား တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ကန်တော်ကြီးအတွင်းရှိ Dolphin စားသောက်ဆိုင်၏ တစ်နှစ်လုံးအတွက် မြေနေရာ ငှားရမ်းခမှာ မြေဧရိယာ ၁၂၀၄၀ စတုရန်းပေ အတွက် ကျပ် ၁၂ သန်းဖြစ်သဖြင့် ယခု ကရဝက် ဥယျာဉ်မြေ ၂၅ ဧကဖြင့် တွက်ချက်မည်ဆိုပါက တစ်နှစ်လျှင်ကျပ် ၁၀၈၅ ဒသမ ၃၈၂ သန်းရရှိမည် ဖြစ်သဖြင့် တစ်နှစ်အတွက် ကျပ် ၁၀၅၅ ဒသမ ၃၈၂ သန်း (ငွေကျပ်တစ်ဘီလျံကျော်) နိုင်ငံတော်အတွက် နစ်နာနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ပါရှိသည်။ယင်းသို့ မေးခွန်းထုတ်မှုများနှင့် ပတ်သက်၍ ကရဝိက်ဥယျာဉ်အား ဒုတိယငါးနှစ် ဖြစ်သည့် ၁.၉.၂၀၁၅ ရက်မှ ၃၁.၈.၂၀၂၀ ရက်အထိ ကာလအား ငှားရမ်းခြင်းအတွက် ကာလပေါက်ဈေးနှင့် လျော်ညီမှုရှိသော နှုန်းထားဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ဒုတိယ ငါးနှစ်တာ သက်တမ်းဖြစ်သည့် ၁.၉.၂၀၁၂ ရက်မှ ၃၁.၈. ၂၀၂၀ ရက်အထိ မူလငှားရမ်းခ၏ ရာခိုင်နှုန်း ၁၀၀ တိုးမြှင့်၍ ကျပ်သိန်း ၆၀၀ သတ်မှတ်ခဲ့ကြောင်း၊ ကရဝိက်ဥယျာဉ်၏ ငှားရမ်းခ နှုန်းထားများအား တွက်ချက်ရာတွင် ယခင်ကာလ ငွေကြေးတန်ဖိုး၊ မြေငှားရမ်းခ တန်ဖိုးများပေါ် မူတည်၍ သတ်မှတ်ခြင်း ဖြစ်သည့်အတွက် ကော်မတီအနေဖြင့် နစ်နာမှု မရှိနိုင်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။သို့သော် ယင်းကိစ္စအား မည်သူက တာဝန်ယူသည်ဆိုသည့် မေးခွန်းကိုမူ ဖြေကြားခဲ့ခြင်းမရှိပေ။ဇေကမ္ဘာကုမ္ပဏီသည်  ဒေါက်တာခင်ရွှေ ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး  ဒေါက်တာခင်ရွှေသည် လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်း ဖြစ်သည်။

Most Read

Most Recent