Telematic စနစ် တပ်ဆင်ထားခြင်း မရှိသည့် ခရီးသည်တင်ယာဉ်များနှင့် မူဝါဒအရခွင့်ပြုထားသည့် ကုန်စည်တင်ယာဉ်များကို ဒီဇင်ဘာ ၈ ရက်မှ စတင်ကာ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးသို့ ဖြတ်သန်းခွင့် ပြု တော့မည်မဟုတ် အမြန် လမ်းမကြီးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ထို Telematic စနစ် တပ်ဆင်ပေးခြင်း လုပ်ငန်းစဉ်ကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၇ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ထိုကာလ ကျော်လွန်သွားပါက Telematic စနစ် တပ်ဆင်ထားခြင်း မရှိသည့်ယာဉ်များကို အမြန်လမ်းမကြီးပေါ်သို့ ဖြတ်သန်းခွင့် ပြုမည်မဟုတ်တော့ကြောင်း အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့(စီမံ) ဦးစီးအရာရှိ ဦးသက်နိုင်အေးက ပြောကြားသည်။“ကျွန်တော်တို့က ယာဉ်လိုင်းတွေနဲ့ တွေ့ဆုံကတည်းက ပြောထားပြီးသားပါ။ နိုဝင်ဘာ နောက်ဆုံးပတ်နဲ့ ဒီဇင်ဘာပထမပတ် ကြားမှာ ဒီ Telematic စနစ် မတပ်ရသေးဘူးဆိုရင် တပ်ဆင်ဖို့အတွက် ကျွန်တော်တို့က ထပ်သတိပေးပါတယ်။ တပ်ဆင်ချင်တယ် ဆိုရင်လည်း လုပ်ပေးနေဦးမှာ။ ဒီဇင်ဘာ ၈ရက်နေ့ ရောက်ပြီဆိုရင်တော့ မတပ်ရသေးရင်ကျွန်တော်တို့ကတော့ လုံးဝသွားခွင့်ပြု တော့မှာ မဟုတ်ပါဘူး” ဟု ဒီဇင်ဘာ ၂ ရက်က ပြောကြားသည်။Telematic စနစ်တပ်ဆင်ထားသည့် ခရီးသည်တင်ယာဉ်များကို (Traffic Infor -mation Center) နှင့် (Traffic Control Center) တို့မှနေ၍ ယာဉ်၏ မောင်းနှင်နေသည့် အရှိန်အား စောင့်ကြည့်ခြင်း၊ ယာဉ်၏ သွားလာခဲ့မှု မှတ်တမ်းများအား သိမ်းဆည်းခြင်း၊ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ သိရှိပြီး စီမံခန့်ခွဲရေးဆိုင်ရာများ ဆောင်ရွက်ခြင်း၊ သက်သေခံ(Black Box Data) များ ထုတ်ယူရရှိနိုင်ခြင်း၊ မောင်းနှင်ချိန်၊ ခရီးအကွာအဝေး၊ ရပ်နားချိန်များအား သိရှိနိုင်ခြင်းတို့အပြင် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်အား ချက်ချင်းဆက်သွယ်၍ သတိပေးခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ထိုစနစ်တပ်ဆင်ခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဝန်ဆောင်ခအပါအဝင် စက်ပစ္စည်းဖိုး အခမဲ့အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တပ်ဆင်ပေးနေခြင်း ဖြစ်သော်လည်း ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် တပ်ဆင်လိုစိတ် နည်းပါးလျက်ရှိပြီး ယခုအချိန်ထိ တပ်ဆင်သည့် ယာဉ်အရေအတွက်မှာ ၁၀ စီးကျော်သာရှိနေသေးကြောင်း ဦးသက်နိုင်အေးက ဆက်လက် ပြောကြားသည်။“အခု လက်ရှိအရတော့ သစ်သီးဝလံ၊ ပန်းတင်တဲ့ မူဝါဒအရ ခွင့်ပြုထားတဲ့ ဝင်ရိုးသုံးခုပါတဲ့ ၁၀ ဘီးကားတွေကိုတော့ အစီး ၄၁၀ ကျော် တပ်ဆင်ပေးပြီးပါပြီ။ ခရီးသည်တင် ယာဉ်တွေကတော့ လက်ရှိတော်တော် နည်းပါးပါတယ်။ ၁၀ စီးကျော်လောက်ပဲ ရှိပါသေးတယ်။ သူတို့ဘက်က တပ်ဆင်လိုတဲ့ စိတ်မရှိတဲ့ အနေထားကို တွေ့ရပါတယ်။ တပ်ဆင်ခအပါဝင် စက်ပစ္စည်းဖိုးတွေက ဘာတစ်ခုမှ ပေးစရာမလိုအောင် အခမဲ့တပ်ပေး တာဖြစ်ပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းသူ အပါအဝင် ယာဉ်ပေါ်ကသူတွေကြောင့် ပျက်စီးမယ်ဆိုရင်တော့ တန်ဖိုးအတိုင်း ပေးလျော်ရပါမယ်။ တန်ဖိုးကတော့ နှစ်သိန်းခွဲလောက် ရှိပါတယ်”ဟု ဆိုသည်။
Telematic စနစ်တပ်ဆင်ခြင်း မရှိသည့် ခရီးသည်တင်ယာဉ် အများအပြား ရှိနေသေးပြီး ထိုစနစ် တပ်ဆင်ထားခြင်း မရှိသည့် ခရီးသည်တင်ယာဉ်နှင့် ခွင့်ပြုထားသော ကုန်တင်ယာဉ်များကို ဒီဇင်ဘာ ၈ ရက်မှစ၍ အမြန်လမ်းမကြီးပေါ် ဖြတ်သန်းခွင့် ပြုတော့မည်မဟုတ်















