ဖမ်းဆီးခံကျောင်းသား ကျောင်းသူများ နှင့် ဝန်းရံပြည်သူများကို တရားစွဲဆို ဖမ်းဆီးရာတွင် လုပ်ထုံးလုပ်နည်းများနှင့် မညီသည့်အတွက် အမှုများ ပယ်ဖျက်ပေးရန်အတွက် သာယာဝတီ ခရိုင်တရားရုံးနှင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ စာတင်ထားသဖြင့် အမှုစစ်ဆေးမှုကို သုံးလနီးပါး ရပ်တန့်ထားရာမှ ဒီဇင်ဘာ ၁ ရက်တွင် သာယာဝတီ မြို့နယ်တရားရုံး၌ ပြန်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါ ကျောင်းသားကျောင်းသူများ နှင့် ဝန်းရံပြည်သူ ၇၀ အား ၂၈ ကြိမ်မြောက် ရုံးထုတ်ရာတွင် တရားလိုဖြစ်သူ ရဲမှူးဖုန်းမြင့်အား စတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့ စစ်ဆေးမှုနှင့် ပတ်သက်၍ ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ ရှေ့နေ ဦးဌေးအား မေးမြန်းရာတွင် ၎င်းးက “ကျော်ကိုကို၊ နန္ဒာစစ်အောင်၊ သီဟဝင်းတင်၊ မိုးထက်နေနဲ့ ဟန်နီဦးတို့က အခင်းဖြစ်တဲ့နေ့မှာ မရှိကြဘူး။ အဲဒီလို မပါတာကို ဒီအမှုမှာ တပေါင်းတည်းစစ်တာ။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ မဟုတ်မမှန် စွပ်စွဲခဲ့တာဆိုပြီး ကျွန်တော်တို့ မေးမြန်းခဲ့တယ်။ တရားလို ရဲမှူးကတော့ လက်ပံတန်းကို စရောက်တဲ့ ထုတ်ပြန်ချက်တွေ ဖော်ပြချက်တွေကြောင့် ၅၀၅ (ခ) နဲ့ အရေးယူတာလို့ပြောပြီး လက်ပံတန်းကိုရောက်တဲ့ ၂ လပိုင်း ၁၇ ရက်ကနေ ၃လပိုင်း ၁၀ ရက်အထိ ဖြစ်ခဲ့တာတွေကို ခြုံငုံပြီး တရားစွဲခဲ့တာလို့ ဖြေတယ်။ တရားလိုက အမှုတွဲမှာ ခြုံငုံပြီး လုပ်လို့မရဘူး။ နောက်တစ်ခုက ၁၁ ရက်၂ လက လေးပွင့်ဆိုင် သဘောတူညီချက်တွေအရ ကျောင်းသားတွေကို အရေးမယူဘူးဆိုလို့ လုပ်ဆောင်ခဲ့ကြတာ။ သမ္မတကို ကိုယ်စားပြုတဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်း ကိုယ်တိုင်သဘောတူထားတာ။ သဘောတူညီချက်ကို ချိုးဖောက်ပြီး ကျောင်းသားတွေကို အရေးယူခဲ့တဲ့အတွက် သမ္မတရုံးဝန်ကြီးဦးလှထွန်းကို လည်း အရေးယူရပါလိမ့်မယ်”ဟု ဆိုသည်။ရုံးချိန်းအား ဒီဇင်ဘာ ၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး အဆိုပါ ရုံးချိန်းတွင် ဗကသ ဗဟိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုအား သာယာဝတီမြို့နယ်တရားရုံး၌ တစ်ပါတည်း ရုံးထုတ်သွားမည်ဟု အကျိုးဆောင်ရှေ့နေ ဦးဌေး၏ ပြောကြားချက်အရ သိရသည်။ဗကသ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က “သပိတ်ကို ဦးဆောင်လို့ ကျွန်တော်တို့ကို အငြိုးထားတယ်ဆိုရင်တောင် ဝန်းရံပြည်သူတွေ အားလုံးကိုတော့ လွှတ်ပေးစေချင်ပါတယ်။ အခုဟာက ကျောင်းသားတွေကော ဝန်းရံပြည်သူတွေကိုကော ပုဒ်မတွေ တစ်ပြေးညီ စွဲထားတာလေ။ ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုရအောင် သူတို့က စင်ပေါ်တက်ပြီး တရားဟောနေတာလည်း မဟုတ်ဘူး။ ကြွေးကြော်သံတွေ တိုင်ပေးနေတာလည်း မဟုတ်ဘူး။ လိုက်ပြီး ဝန်းရံခဲ့တာပဲရှိတာ။ တစ်ပြေးညီပုဒ်မမျိုး မဟုတ်ဘဲ တစ်ယောက်ကို တစ်ခုဆီ သူနဲ့သင့်တော်တဲ့ ပုဒ်မနဲ့တရားစွဲရင် အချို့ကတော့ အာမခံရနိုင်ပါတယ်။ အဓိက ကျွန်တော်တို့ ဖြစ်စေချင်တာက ပထမအချက် ဝန်းရံပြည်သူတွေ အာမခံရရေး၊ နောက်တစ်ချက်က ဗကသကျောင်းသားငယ်တွေ အာမခံရရေးပါ။ ကျန်တဲ့ ဗကသဗဟိုလုပ်ငန်းကော်မတီက ကျောင်းသားခေါင်းဆောင်တွေ ၁၅ ဦးကော်မတီက ခေါင်းဆောင်တွေကတော့ ထောင်ထဲမှာ ဆက်ရှိနေရင်လည်း ရှိနေပါစေ”ဟု ပြောကြားသည်။
ဖမ်းဆီးခံကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများအား သာယာဝတီမြို့နယ်တရားရုံး ရုံးချိန်းအထွက် ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)“ဒီနေ့မှာ အမှုကိုမစစ်ဘဲ ရပ်နားထားတာကနေ ပြန်စစ်ဖြစ်တာပေါ့။ ခရိုင်တို့၊ တိုင်း တို့ကနေ အမှုကလည်း ပြန်ကျလာပြီ။ တရားစွဲခံထားရတဲ့ ကျောင်းသားတွေလည်း စုံပြီဆိုလို့ ပြန်စစ်ဖြစ်တာ။ ကျွန်မတို့ရှေ့နေ ဦးဌေးက သပိတ်မှာ မရှိတဲ့သူတွေကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး အဓိက မေးမြန်းခဲ့တယ်။ သပိတ်ထဲမှာမရှိတဲ့သူတွေကို အခုလိုပုဒ်မတွေ နဲ့စွဲဆိုတာကို အကျုံးမဝင်ဘူး ဖမ်းဆီးထိန်းသိမ်းလိုတဲ့ဆန္ဒတစ်ခုတည်းနဲ့ စွဲထားတာလို့လည်း ကျွန်မမြင်တယ်”ဟု မဖြိုးဖြိုးအောင်က ဆိုသည်။ဆက်လက်ပြီး နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံးသို့ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စွဲဆိုထားသည့် အမှုများမှ ပယ်ဖျက်ပေးရန် ထပ်မံတောင်းဆိုခြင်း ရှိ မရှိ နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် “လောလောဆယ်တော့ မရှိဘူး။ အခုတင်တာတောင် သုံးလလောက်ကြာတာ။ ထပ်တင်ရင်လည်းကြာမှာပဲ။ အရင်က စာတင်ခဲ့တာကို ပယ်ချတယ်။ ထပ်ပြီးတော့လည်း ပယ်ချဖို့ အလားအလာ ရှိတယ်။ အဲဒါကြောင့် ဒီအတိုင်းပဲ အမှုကို မြို့နယ်တရားရုံးမှာပဲ ဆက်စစ်ဆေးခံသွားပါ့မယ်”ဟု ပြောဆိုခဲ့သည်။ဗကသကျောင်းသားခေါင်းဆောင်များသည် လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ၎င်းးတို့ တောင်းဆိုချက် ၁၁ ချက်အား လိုက်လျောပေးရန်အတွက် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ပြောကြားသည်။“ကျွန်တော်တို့ တောင်းဆိုချက်တွေကို အမြဲတမ်း ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ပဲ သွားတယ်။ အစိုးရက ကျောင်းသားပြည်သူတွေ NNER တို့ရဲ့ တောင်းဆိုချက်တွေကို လျစ်လျူ ရှုခဲ့လို့သာ လမ်းပေါ်ထွက်လာရခြင်း ဖြစ်တယ်။ လာမယ့်အစိုးရက NLD ဖြစ်သွားပြီ ကျွန်တော်တို့နဲ့ ပိုပြီး နွေးထွေးလိမ့်မယ်လို့ ခံစားရတယ်။ NLD နဲ့လည်း ဆွေးနွေးညှိနှိုင်းမယ်။ ကျွန်တော်တို့ရဲ့ သပိတ်က လှန်ထားခြင်း မရှိသေးသလို ဆက်လက်တိုက်ပွဲဝင်နေမှာပဲ”ဟု ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုသီဟဝင်းတင်က ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မတ် ၁၀ ရက် နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်၌ ပိတ်မိနေသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့မှ အင်အားသုံး၍ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၇၀ ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅(ခ) စသည့် ပုဒ်မများဖြင့် သာယာဝတီမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦး နှင့် အခြားကျောင်းသား ၁၄ ဦးတို့မှာ အာမခံရရှိထားသည်။ အလားတူ သပိတ်ကို ဝန်းရံမှုဖြင့် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ဖြင့် တရားစွဲဆိုခံရသူ ၁၁ ဦးရှိရာ ၎င်းတို့ကို အာမခံပေးထားခဲ့သဖြင့် သာယာဝတီမြို့နယ်တရားရုံး တွင် လာရောက် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။















