အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်၍ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် တည်ဆောက်မည့် အငှားအိမ်ရာ စီမံကိန်းအား ၂၀၁၆ ဖေဖော်ဝါရီလတွင် စတင် လျှာက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူ စီစဉ်နေသော အငှားအိမ်ရာစီမံကိန်းကို မည်သည့်အချိန်တွင် မည်သည့်အစီအစဉ်ဖြင့် အငှားချထားမည်ကို”သိလိုကြောင်း မေးမြန်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် (၂)လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကတွင် အငှားအိမ်ရာ စီမံကိန်း အကောင်အထည် ဖော်မည်ဖြစ်ပြီး ယင်းမြေနေရာကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာရှိ အခန်းပေါင်း ၁၂၀၀ ခန်းတွင် တစ်ခန်းလျှင် အိမ်ခန်းတစ်ခု၊ အိမ်သာ ရေချိုးခန်းများပါဝင်မည်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေ ရှိမည်ဖြစ်ကြောင်း၊ အခန်းများကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း လျှောက်လွှာများ ဝယ်ယူ လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာ တင်ထားသည့် အခန်းအရေအတွက် များပါက မဲစနစ်ဖြင့် ချထားပေးမည် ဖြစ်ကြောင်း၊ အဆိုပါအိမ်ရာ လျှောက်သူများအနေဖြင့် အိမ်ရာပိုင်ဆိုင်မှု မရှိကြောင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ပါရှိရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
ယင်းအိမ်ရာ ဖော်ဆောင်ရန်အတွက် တင်ဒါ ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီငါးခုတင်ဒါ တင်သွင်းခဲ့သော်လည်း အစိုးရက သတ်မှတ်ပေးသည့် PAE ဈေးနှုန်း နည်းပါးခြင်းကြောင့် ကုမ္ပဏီများဘက်မှ သတ်မှတ်ထားသည့် အလုံးရေအတိုင်း ဆောက်လုပ်ပေးနိုင်ခြင်း မရှိသဖြင့် တင်ဒါ မအောင်ခဲ့ခြင်းကြောင့် နောက်တစ်ကြိမ် ထပ်မံ တင်ဒါ ခေါ်ယူခဲ့ရကြောင်း သိရသည်။
အဆိုပါအိမ်ရာစီမံကိန်း အကောင်အထည် ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ် ဘီလျံ ၂၀ ထောက်ပံ့ခဲ့ပြီးဖြစ်ပြီး ယင်းအိမ်ရာကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်မည်ဟု ဆိုထားသော်လည်း ယခု ဘဏ္ဍာနှစ် ကုန်ဆုံးရန်မှာ လေးလခန့်သာ လိုတော့သဖြင့် ပြီးစီးရန် မလွယ်ကူနိုင်ပေ။
အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်၍ ဒဂုံမြို့သစ် တောင်ပိုင်း၌ ဆောက်လုပ်မည့် အငှားအိမ်ရာ စီမံကိန်းအား ၂၀၁၆ ဖေဖော်ဝါရီတွင် စတင် လျှောက်ထားခွင့်ပြုမည်















