ဆက်သွယ်ရေး အော်ပရေတာများ၏ ထပ်တိုး ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်း အစီအစဉ်များကို သေချာစွာ နားလည် အသုံးပြုနိုင်ခြင်း မရှိသောကြောင့် သုံးစွဲသူများ အခက်ကြုံမှုများ ရှိနေ

ဆက်သွယ်ရေး အော်ပရေတာများ၏ ထပ်တိုး ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်း အစီအစဉ်များကို သေချာစွာ နားလည် အသုံးပြုနိုင်ခြင်း မရှိသောကြောင့် သုံးစွဲသူများ အခက်ကြုံမှုများ ရှိနေ
Published 29 November 2015
နေမျိုးထွန်း

ဆက်သွယ်ရေး အော်ပရေတာများ၏ ထပ်တိုး ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်း အစီအစဉ်များနှင့် ပတ်သက်၍ သေချာစွာ နားလည် သဘောပေါက်ခြင်း၊ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း မရှိသောကြောင့် သုံးစွဲသူများ အနေဖြင့် အခက်ကြုံရမှုများ၊ မှားယွင်း သုံးစွဲမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ပြည်တွင်း၌ ဆက်သွယ်ရေး အော်ပရေတာ သုံးခု ရှိလာပြီးနောက် ယခင်ကနှင့် မတူတော့ဘဲ ပရိုမိုးရှင်း အစီအစဉ်များကို အပြိုင်အဆိုင် ပြုလုပ်လာကြပြီး ထပ်တိုး ဝန်ဆောင်မှု မျိုးစုံကိုလည်း ပေးလာကြကြောင်း သိရသည်။ ထိုသို့ ပရိုမိုးရှင်း အစီအစဉ်များ၊ ထပ်တိုး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခက်ကြုံတွေ့မှုများ ရှိနေရာ ဆက်သွယ်ရေး အော်ပရေတာများ၏ လူမှုကွန်ရက် စာမျက်နှာများ၊ Call Center များသို့ ဖြေရှင်းပေးရန် တောင်းဆိုမှုများ အမြောက်အမြား ရှိနေပြီး ဖြေရှင်းပေးနိုင်သော ကိစ္စရပ်များ ရှိသကဲ့သို့ သေချာစွာ ဖြေရှင်းမပေးနိုင်သော ကိစ္စရပ်များလည်း ရှိနေကြောင်း သိရသည်။ဆက်သွယ်ရေး အော်ပရေတာများ၏ Call Center သို့ ဆက်သွယ်ရာတွင် ယင်းအော်ပရေတာ၏ ဖုန်းဖြင့် ဆက်သွယ်ရမည့် နံပါတ်မှာ တစ်ခု၊ အခြား အော်ပရေတာ၏ ဖုန်းဖြင့် ဆက်သွယ်ရမည့် နံပါတ်မှာ သီးခြား တစ်ခု ဖြစ်ကြောင်းကိုပင် သေချာစွာ မသိရှိသော သုံးစွဲသူများ ရှိနေကြောင်း သိရသည်။ထို့ပြင် ပရိုမိုးရှင်း အစီအစဉ်၏ စည်းကမ်းချက်ကို နားလည်မှု လွဲသဖြင့် ပရိုမိုးရှင်း အစီအစဉ်ကို ခံစားရခြင်းမရှိဘဲ လွဲချော်မှုများ၊ ရယူထားသော ဝန်ဆောင်မှု တစ်ခုကို ပြန်လည် ပယ်ဖျက်ရန် မလုပ်ဆောင်တတ်သဖြင့် အခက်ကြုံရခြင်းများလည်း ရှိနေကြောင်း သိရသည်။“တချို့ ပရိုမိုးရှင်း အစီအစဉ်တွေက တော်တော် အဓိပ္ပာယ် မရှိဘူး။ ငွေဖြည့်ရင် ၅၀ ရာခိုင်နှုန်းကို အပိုထပ်ဆောင်းပေးတယ် ဆိုပြီး တစ်ရက်အတွင်း ဖုန်းပြောတာနဲ့ အင်တာနက် သုံးတာနဲ့ပဲ ကုန်အောင် သုံးရမယ် ဆိုတာမျိုးပေါ့။ အဲဒီမှာ နံနက် ၆ နာရီကနေ ညနေ ၆ နာရီပဲ သုံးခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်က ပါသေးတယ်။ အပို ထပ်ဆောင်းရငွေနဲ့ Package Plan တွေကိုလည်း ဝယ်လို့ မရဘူး ဆိုပဲ။ ဘာမှ မထူးတဲ့ ပရိုမိုးရှင်း တစ်ခုပါပဲ။ နောက်ဆုံးတော့ ဖုန်းထဲက Android App တွေကိုပဲ Version Update တွေ လုပ်လိုက်ရတယ်” ဟု အူရီဒူး သုံးစွဲသူ ကိုဆန်းမင်းနိုင်က ပြောကြားသည်။“Fun Tone ဝန်ဆောင်မှုကို ယူထားတာ။ မယူချင်တော့တဲ့ အချိန်မှာ ဘယ်လို ပြန်ဖြုတ်ရမလဲဆိုတာ မသိဘူး။ ဒါနဲ့ ဖုန်းကိုဘီလ် မဖြည့်ဘဲ ပစ်ထားရတယ်” ဟု အူရီဒူး သုံးစွဲသူ တစ်ဦးက ဆိုသည်။“စူပါပွားကို ပိတ်ချင်ပါတယ်။ ဘယ်လို လုပ်ရမလဲ မသိလို့ပါ”၊ “သုံးပုံကို နားလည်အောင် မရှင်းရင် Post တွေ တက်လာ နေသေးတယ်”၊ “နင်တို့ကလည်း လိပ်ပတ်လည်အောင် ရှင်းမပြချင်ဘဲနဲ့ ဘာလို့ လုပ်ချင်ရတာလဲ”၊ “Help Center မေးတော့လည်း အူကြောင်ကျားပါ” စသဖြင့် တယ်လီနော၏ လူမှုကွန်ရက် စာမျက်နှာတွင် တယ်လီနော သုံးစွဲသူများက ရေးသားထားကြောင်း သိရသည်။ထို့ပြင် အင်တာနက် သုံးစွဲခများ၊ ဖုန်းပြောဆိုခများ ဖြတ်တောက်မှုနှင့် ပတ်သက်၍ ကောက်ခံမှု များပြားသည်ဟု ခံစားရကြောင်း ဆက်သွယ်ရေး အော်ပရေတာ အသီးသီး၏ သုံးစွဲသူ အချို့က မှတ်ချက်ပြု ပြောကြားခြင်းများ ရှိနေကြောင်း သိရသည်။လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နှစ်သစ်ကူး ကံစမ်းမဲ အစီအစဉ် ပြုလုပ်လျက်ရှိရာ ဆင်းမ်ကတ်အသစ် ဝယ်ယူ အသုံးပြုခြင်း၊ တစ်မိနစ်အထက် ဖုန်းပြောခြင်း၊ ငွေကျပ် ၃၀၀၀ နှင့်အထက် ငွေဖြည့်ခြင်း စသည့် အခြေအနေ သုံးမျိုးတွင် ကံစမ်းမဲ လက်မှတ်များ ရရှိမည်ဟု ဆိုထားပြီး အဆိုပါ ကံစမ်းမဲ လက်မှတ် အခြေအနေကို မက်ဆေ့ချ်ပို့၍ စစ်ဆေးရာတွင် အဆင်မပြေခြင်းများ ရှိနေကြောင်း သိရသည်။ ရရှိထားသော ကံစမ်းမဲ လက်မှတ် အရေအတွက်ကို ဖော်ပြသော်လည်း ယင်းလက်မှတ်များမှာ Virtualom ဖြစ်ပြီး နံပါတ်များ မရှိသောကြောင့် ကံစမ်းမဲ ဖောက်ပေးမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းမှုများလည်း ရှိနေကြောင်း သိရသည်။သို့သော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ယင်းကံစမ်းမဲ အစီအစဉ်ကို ကြားခံ အဖွဲ့အစည်း တစ်ခုသို့ လွှဲအပ်ထားကြောင်းနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများ ကံစမ်းခွင့် မရှိကြောင်း ထုတ်ပြန်ထားသည်။ထပ်တိုးဝန်ဆောင်မှု ရယူထားသူများမှာ အပတ်စဉ် သို့မဟုတ် လစဉ်သုံးစွဲခငွေများ ဖြတ်တောက်မှု ရှိနေရာ ရယူသုံးစွဲလိုခြင်း မရှိတော့သော အခြေအနေမျိုးတွင် ယင်းဝန်ဆောင်မှုကို ဖယ်ရှားရန် မပြုလုပ်တတ်သောကြောင့် သုံးစွဲခများ ဆက်လက် ကုန်ကျခြင်းများ ရှိနေကြောင်း သိရသည်။  ဆက်သွယ်ရေး အော်ပရေတာတို့၏ ဝက်ဘ်ဆိုက်များတွင် အသုံးပြုလိုပါက ရယူပုံနှင့် ဖယ်ရှားပုံတို့ကို သေချာစွာ ဖော်ပြထားသော်လည်း သုံးစွဲသူ အများစုမှာ ဝက်ဘ်ဆိုက်များထက် လူမှုကွန်ရက်ကိုသာ အဓိကထား ကြည့်ရှုကြသောကြောင့် လိုအပ်သော အချက်အလက်များကို လွဲချော်ခဲ့ကြကြောင်း သိရသည်။အော်ပရေတာများက ပုံစံမျိုးစုံဖြင့် အစီအစဉ် အသစ်များ ပြုလုပ်လျက်ရှိရာ သုံးစွဲသူများ အနေဖြင့် ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ခြင်း မရှိဘဲ မျက်စိလည်မှုများ ရှိနေကြောင်း သိရသည်။ထို့ပြင် ဆက်သွယ်ရေး အော်ပရေတာ တစ်ခုတွင် အခမဲ့ရယူ သုံးစွဲနိုင်သော ဝန်ဆောင်မှု တစ်ခုမှာ အခြား ဆက်သွယ်ရေး အော်ပရေတာ တစ်ခုတွင် အခကြေးငွေပေး၍ သုံးစွဲရသော ဝန်ဆောင်မှုတစ်ခု ဖြစ်နေခြင်းမျိုးလည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent